မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီး တောင်ပြိုလမ်းပိတ်သည့်နေရာများကိုဖယ်ရှား၊ ပိတ်မိသော ယာဉ်များကို မြဝတီဘက်သို့ ပြန်လည်စေလွှတ်ပေးခဲ့
PUBLISHED - August 16, 2023
နေပြည်တော်၊ ဩဂုတ် ၁၆
ကရင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဩဂုတ် ၇ ရက်က မြဝတီ – ကော့ကရိတ် အာရှကား လမ်းမကြီး၏ မိုင်တိုင်အမှတ်(၁၄၉ ဒသမ ၅) နှင့် မိုင်တိုင် (၁၅၁)ကြားတွင် မြေပြို၍ လမ်းပိတ်ခဲ့သည့်နေရာများ ကို ဖယ်ရှားရှင်းလင်းခဲ့ပြီး ဩဂုတ် ၁၅ ရက် မွန်းလွဲပိုင်းတွင် လမ်းတစ်ခြမ်းဖွင့်၍ အဆိုပါနေရာနှစ်ခုကြားတွင် ပိတ်မိနေသောကားများကို မြဝတီဘက်သို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။
မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး တောနော်ရေတံခွန်အနီး မိုင်တိုင်(၁၄၉ ဒသမ ၅) နှင့် (၁၅၀) ကြား၊ မိုင်တိုင်(၁၅၀)နှင့် (၁၅၁)ကြား ကားလမ်းမတွင် မြေပြိုကျပြီး လမ်းပိတ်သွားသည့်အတွက် လမ်းပေါ်ပြိုကျ သည့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် အိမ်စီးယာဉ်များကို ပိတ်မိနေခြင်းဖြစ်သည်။ ယမန်နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် အာရှလမ်းမကြီး မိုင်တိုင်အမှတ် (၁၅၅) နှင့် (၁၅၆) ကြားတွင် မြေသားအနည်းငယ် ထပ်မံပြိုကျလမ်းပိတ်ခဲ့ပြီး အမြန်ဆုံးရှင်းလင်းဖယ်ရှားနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ မိုင်တိုင်(၁၄၉)နှင့် (၁၄၉ ဒသမ ၅)ကြားတွင် ကားလမ်းအောက်ခံမြေသားအကျယ် ၃၃ ပေရှိ ကတ္တရာခင်းကားလမ်း အရှည်ပေ ၁၅၀ ခန့် ပဲ့ကျသည့်နေရာကိုလည်း ဩဂုတ် ၁၀ ရက်မှစ၍ ယာယီ ဘေလီတံတားထိုးနိုင်ရေး လမ်းပြင်ဆင်မှုနှင့်ပတ်သက်သည့် ပစ္စည်းများ ပို့ဆောင်ပေးလျက်ရှိပြီး ယာဉ် ယန္တရားများဖြင့် လမ်းပြင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရာသီဥတုအခြေအနေကောင်းမွန်ပြီး လုပ်အားအပြည့်ဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ပါက သတ်မှတ်ရက်ထက် ပိုမိုဆောလျင်စွာ ပြီးစီးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလမ်း ပြင်ဆင်ပြီးမှသာ မြဝတီ-ကော့ကရိတ် အာရှလမ်းမ ကြီးကို ပြန်လည်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ ယခုကာလအတွင်း လူစီးယာဉ်များနှင့် ပစ္စည်းသယ်ယာဉ် ငယ်များကို ယခင်အသုံးပြုခဲ့သည့် မြဝတီ-ကော့ကရိတ် လမ်းဟောင်းဖြစ်သော ထို့ကော်ကိုးလမ်းပိုင်းမှ နေ့စဉ် သွားလာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
#PeopleMedia