မြဝတီ-ကော့ကရိတ်အာရှလမ်း၌ ယာယီဘေလီတံတားတည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး
PUBLISHED - August 24, 2023
နေပြည်တော်၊ ဩဂုတ် ၂၄
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း ယာယီဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် ဩဂုတ်လ ၇ ရက်နေ့က မြဝတီ-ကော့ကရိတ် အာရှလမ်း မြေပြိုမှုဖြစ်ပွားခဲ့ရာ ယာဉ်သွား လာမှု ယာယီရပ်တန့်ခဲ့ရပြီး အဆိုပါလမ်းအား ယာဉ်များပြန်လည်သွားနိုင်ရန် ဩဂုတ်လ ၁၀ ရက်နေ့မှ စတင်ပြီး ဘေလီတံတားတည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ယာယီဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကော့ ကရိတ်မြို့လမ်းဦးစီးဌာနမှ ဘတ်ဟိုးယာဉ် (၆)စီး၊ မြေကော်စက် (၂)စီး၊ မြေညှိစက်(ဒိုဇာ) (၁)စီးတို့ဖြင့် လမ်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် လမ်းပျက်စီးခဲ့သည့်နေရာ၏ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ယာယီရှောင်ကွင်း မြေသားလမ်း ဖောက်လုပ်ပြီး ကျောက်ကြမ်းနှင့် ကျောက်ချောခင်းခြင်းလုပ်ငန်းကို မြဝတီမြို့ မာန်မြင့်ဟိန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ကျောက်ကြမ်း ခင်းခြင်းအား အလျား ပေ ၂၀၀၊ အနံ ပေ ၃၀၊ ထုတစ်ပေခင်းခြင်း၊ ကျောက်ကြမ်းပေါ်တွင် ကျောက်ချောခင်း ခြင်းလုပ်ငန်းအား အလျားပေ ၃၀၀၊ အနံပေ ၃၀၊ ထုတစ်ပေ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထို့နောက် အရှည်ပေ ၇၀၊ အကျယ် ၁၃ ပေ၊ ရှစ်လက်မရှိ ယာယီဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်း များ ဆောင်ရွက်ခဲ့ရာ မြဝတီဘက်ခြင်းမှစတင်၍ ယာယီဘေလီတံတားဖရိန် တပ်ဆင်ခြင်းနှင့် ကြမ်းခင်း သံပြားခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ်လ ၂၂ ရက်နေ့အထိ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်းနှင့် မကြာမီကာလတွင် ကုန်စည်ယာဉ်များ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia