မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်

PUBLISHED - January 21, 2025
နေပြည်တော်၊ ဇန်နဝါရီ ၂၁
ယခုလတ်တလောတွင် ကရင်ပြည်နယ်၊ မြဝတီ – ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွှေကုက္ကိုလ်နယ်မြေသည် ၂၀၁၆ ခုနှစ်ကတည်းကပင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အကြောင်းပြ၍ စီမံကိန်းတစ်ရပ်အဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် မီဒီယာများမှ ဖော်ပြချက်များ၊ တရားမဝင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဆိုသည့်သတင်းများကြောင့် စီမံကိန်းဆက်လက်တည်ဆောက်ခြင်းအား ရပ်ဆိုင်းခဲ့သည့်ဒေသဖြစ်ကြောင်း၊ အဆိုပါနယ်မြေအတွင်း၌ လက်နက်ကိုင်အဖွဲ့ပေါင်းစုံ လှုပ်ရှားနေထိုင်လျက်ရှိခြင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များရှိခြင်းတို့ကြောင့် နယ်မြေဒေသ မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများအနေဖြင့် အခွင့်ကောင်းရယူကာ အွန်လိုင်းလောင်းကစားအပါအဝင် ဒုစရိုက်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၎င်းဒေသများ၌ Online လိမ်လည်မှု၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်လိုင်းအဆက်အသွယ်ကို မြန်မာနိုင်ငံအတွင်းမှ ရရှိခြင်းမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှတစ်ဆင့် ရယူနေခြင်းဖြစ်ကြောင်းနှင့် အခြေခံအဆောက်အဦများနှင့် ရင်းနှီးမြှုပ်နှံမှုအများစုသည်လည်း ပြည်ပအဖွဲ့အစည်းများမှ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်းကို တွေ့ရှိရသည်။
အဆိုပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ လုပ်ဆောင်နေကြသူများသည် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ၂၀၁၅ ခုနှစ်ခန့်မှစ၍ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့တွင် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း၌ မြန်မာနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
၎င်းဒေသ ထိုင်း – မြန်မာ (မဲဆောက် – မြဝတီ) နှစ်နိုင်ငံနယ်စပ်၌ ပျောက်ဆုံးသွားခဲ့သည့် တရုတ်နိုင်ငံသား Mr. Wang Xing (ရုပ်ရှင်သရုပ်ဆောင်) ကို ၎င်းနှင့်ဆက်စပ်သည့် အဖွဲ့အစည်းများက အချင်းချင်းချိတ်ဆက်၍ ထိုင်းနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့်သတင်းကိုလည်း သတင်းမီဒီယာများ၌ ဖော်ပြခဲ့ကြကြောင်း၊ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စိစစ်ချက်များအရ Mr. Wang Xing ကို ထိုင်းနိုင်ငံအခြေစိုက် အနုပညာကုမ္ပဏီတစ်ခုဖြစ်သော GMM Grammy ၏ WeChat Account မှတစ်ဆင့် တရုတ်နိုင်ငံသားတစ်ဦးက ဆက်သွယ်လာပြီး ထိုင်းနိုင်ငံ၌ သရုပ်ဆောင်အဖြစ် လာရောက်လုပ်ကိုင်ရန် စည်းရုံးခဲ့သဖြင့် ဇန်နဝါရီ ၃ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် ဘန်ကောက်မြို့မှ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့၊ မဲ့ကွန်းကန်ရွာအနီးရှိ သောင်ရင်းမြစ်ကမ်း (ထိုင်းနိုင်ငံဘက်ခြမ်း) သို့ရောက်ရှိပြီးနောက် လှေဖြင့် မြန်မာနိုင်ငံဘက်ခြမ်း၊ မြဝတီ – ရွှေကုက္ကိုလ်နယ်မြေသို့ ခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ထုြတ်ပန်ချက်အရ သိရသည်။
ထို့နောက် အဆောက်အဦတစ်ခုသို့ ပို့ဆောင်ခြင်းခံခဲ့ရပြီး ကွန်ပျူတာစာစီစာရိုက် ကျွမ်းကျင်စေရန် ဦးစွာလေ့ကျင့်ပေးခဲ့ကြောင်းနှင့် ယင်းအဆောက်အဦ၌ တရုတ်နိုင်ငံသား ၁၀ ဦးခန့် တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် ဒုတိယအဆောက်အဦတစ်ခုသို့ ဆက်လက်ရောက်ရှိခဲ့ပြီး ခေါင်းတုံးတုံးပေးခဲ့ကြောင်းနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်ရန် စေခိုင်းခြင်းခံခဲ့ရကြောင်း၊ အဆိုပါနေရာသည် Online လောင်းကစား လိမ်လည်သည့်နေရာဖြစ်ပြီး အဆောက်အဦအတွင်း တရုတ်နိုင်ငံသား ၅ဝ ခန့်ရှိကြောင်း၊ ယင်းနောက် မိသားစုနှင့် အဆက်အသွယ်ရရှိခဲ့ပြီး ဇန်နဝါရီ ၇ ရက်တွင် အဆိုပါနယ်မြေအတွင်းရှိ ၎င်းနှင့်ပတ်သက်ခဲ့သည့် အဖွဲ့အစည်းများက တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့၊ ထဆောင်လွတ်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဝမ်သခီရန်သိုင့်ကျေးရွာရှိ အမှတ် (၃၄) ဂိတ်မှတစ်ဆင့် ၎င်း တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းနောက် ညပိုင်းတွင် ဘန်ကောက်မြို့ရှိ လူကုန်ကူးခံရသူများစောင့်ရှောက်ရေးဌာန (ဒွန်မောင်းဂေဟာ) သို့ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် အမှတ် (၅) ရပ်ကွက်၊ ချစ်ကြည်ရေးလမ်း၊ သံတံတားအနီးတွင် တရုတ်နိုင်ငံသား Mr. Cheng Xiao Ning ပါ ၃ ဦးအား တွေ့ရှိခဲ့သဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်းတို့သည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ချိတ်ဆက်မှုအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ခဲ့သူများဖြစ်ပြီး အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်သည့်လုပ်ငန်းကို လုပ်ကိုင်နေကြရသူများဖြစ်ကြောင်းနှင့် နောက်ပိုင်းတွင် လစာရရှိခြင်းမရှိသဖြင့် ထွက်ပြေးလာသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရကြောင်း နစကမှ ထုတ်ပြန်ထားသည်။
အလားတူ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ နတ်သျှင်နောင်မီးပွိုင့်အနီး၌ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား Mr. Yin Jie နှင့် Mr. Huang Xiang တို့ ၂ ဦးအား တွေ့ရှိသဖြင့် စိစစ်ဖော်ထုတ်ခဲ့ရာ ၎င်းတို့သည် ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရကြောင်း အသိပေးထုတ်ပြန်ထားသည်။
အထက်ပါ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများပြုလုပ်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အားရရှိရန်၊ အင်တာနက်ဆက်သွယ်မှုရရှိရန်နှင့် တရားမဝင်လုပ်ငန်းအတွက် လက်နက်ခဲယမ်းများနှင့် အဆောက်အဦများရှိရန် အခြေခံလိုအပ်မည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် ယင်းအခြေခံအချက်အလက်များကို တစ်ဖက်နိုင်ငံကို အခြေခံ၍ ရယူသုံးစွဲနေခြင်းသာဖြစ်သည်။ လုပ်ငန်းလုပ်ဆောင်နေသူများအနေဖြင့်လည်း မြန်မာနိုင်ငံမှမဟုတ်ဘဲ အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းပြီး မြန်မာနိုင်ငံ အတွင်းသို့နယ်စပ်လမ်းကြောင်းများ တရားမဝင် ဝင်ရောက်နေထိုင်၍ ရင်းနှီးလုပ်ကိုင်နေသည့် ပြည်ပနိုင်ငံသားများပင်ဖြစ်သည်။ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ပပျောက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် အတူတကွ ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်သွားရန်လို အပ်မည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ကြေညာသည်။
သို့ဖြစ်ပါ၍ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်နေကြသူများသည် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိသဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အပြည့်အဝစိုးမိုးအုပ်ချုပ်ရန် အခက်အခဲနှင့် ကန့်သတ်ချက်များရှိသည့်ဒေသများကို ပစ်မှတ်ထား၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများ၊ ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများနှင့် ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိကြသဖြင့် နိုင်ငံတော်အနေဖြင့် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ပြတ်ပြတ်သားသား ဆောင်ရွက်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။
#PeopleMedia