မြိုင်မြို့နယ်နှင့် နတ်မောက်မြို့နယ်တို့တွင် အကြမ်းဖက်သမားမှ ရှော့တိုက်ဒုံးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရ

PUBLISHED - January 16, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် နတ်မောက်မြို့နယ်တို့တွင် အကြမ်းဖက်သမားများမှ ရှော့တိုက်ဒုံးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက် အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမှတ်(၂)ရပ်ကွက်ရှိ သီရိမင်္ဂလာဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဗုံးသီးများကျရောက် ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသော အမှတ်(၁)ရပ်ကွက်နေသူများဖြစ်ကြသည့် ဦးကျော်သိန်း(၇၃)နှစ်နှင့် မလွန်းသံဇဉ်ချို(၉)နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့၍ ဆေးကုသမှု ခံယူနိုင်ရေး မြိုင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ညနေ ၅ နာရီတွင် နတ်မောက်မြို့နယ်၊ န-လက်ခုပ်ပင်ကျေးရွာနေ ကိုမျိုးမင်း(၃၈)နှစ်သည် တစ်ရွာတည်းနေ ဒေါ်သိန်းဥ၏ နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားသုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ကိုမျိုးမင်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
#PeopleMedia