မြိုင်မြို့နယ် သရက်ကန် ပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာလုံးဝပြတ်တောက်လျှက်ရှိ၊ လတ်တလောဖြေရှင်းရန် လေယာဉ်ဖြင့် ပို့ဆောင်ပေးစေလိုကြောင်း ဒေသခံများ တောင်းဆို
PUBLISHED - September 18, 2024
နေပြည်တော်၊ စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ သရက်ကန်ပြည်သူ့စစ်ကျေးရွာတွင် ရိက္ခာလုံးဝပြတ်တောက်လျှက်ရှိပြီး လတ်တလောဖြေရှင်းရန်အတွက် လေယာဉ်ဖြင့် ပို့ဆောင်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆို နေကြသည်။
သရက်ကန်ပြည်သူ့စစ်ကျေးရွာတွင် ရံဖန်ရံခါ စစ်ကြောင်းမှ ပါလာသည့် ဆန်အနည်းငယ်ကို လူဦးရေ (၄၂၀) ကျော် ဝေမျှစားနေရပြီး အသီးအရွက်များကိုသာ ခူးစားနေရကြောင်းနှင့် အသီးအရွက်သွားရှာလျှင်လည်း စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ ချောင်းမြောင်းပစ်ခတ်ခြင်းကို ခံနေရကြောင်း ဒေသခံများက ပြောသည်။
လက်ရှိအချိန်တွင် သက်ကြီးရွယ်အိုများလည်း အာဟာရပြတ်လပ်ကာ သေဆုံးမှုများ ရှိနေပြီး ဆေးဝါများ မလုံလောက်၍လည်း အကြောင်းမဲ့ သေဆုံးမှုများ ရှိနေကြောင်းနှင့် ကျောင်းသား/ကျောင်းသူများလည်း စာသင်နေစဉ် မူးဝေကျမှုများရှိနေကာ ဆရာ/ဆရာမများလည်း ငတ်တလှည့် ပြတ်တစ်လှည့်ဖြင့် အန္တရာယ်ကြားမှ စာသင်ကြားနေကြရကြောင်း သိရသည်။
သရက်ကန် ပြည်သူ့စစ်ကျေးရွာမှ ဒေသခံများအနေဖြင့် ခိုင်းနွား၊ ကျောင်းနွားများကိုသာ နေ့စဉ် သတ်ဖြတ်စားသောက်နေရသဖြင့် ရှိသမျှနွားများလည်း ကုန်လုခမန်းဖြစ်နေပြီဖြစ်ကြောင်းနှင့် လက်ရှိတွင် ဆားပါ လုံးဝပြတ်တောက်သွားပြီဖြစ်ကြောင်း ဒေသခံများက ဆက်သွယ်ပြောဆိုသည်။
ယင်းအပြင် ကျေးရွာသားများအနေဖြင့် ငတ်မွတ်သည့် ဒဏ်ကို မခံနိုင်သောကြောင့် နေရပ်မှ တိတ်တဆိတ် စွန့်ခွါသွားကြပြီး စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ အတင်းအဓမ္မ ဖမ်းဆီးထားကာ ငွေညှစ်ခြင်း၊ အလုပ်စေခိုင်းခြင်းများ ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
#PeopleMedia