မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ထားရှိပြီး စည်စည်ကားကားကျင်းပသွားမည်ဖြစ် ကြောင်း ဒုတိယမြို့တော်ဝန်ပြောကြား
PUBLISHED - March 14, 2024
ရန်ကုန်၊ မတ် ၁၄
မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ထားရှိပြီး စည်စည်ကားကား ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်းကား သိုက် မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ယခုနှစ်တွင် မဟာသင်္ကြန်ရေသဘင်ပွဲတော်ကို ပြည်သူများ ပျော်ရွှင်အေးချမ်း လုံခြုံစွာ ရေကစားနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စေရေးအတွက် ရန်ကုန်မြို့တော် မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ ဂုဏ်ကို ဖော်ဆောင်နိုင် ရန်အတွက် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ထားရှိပြီး စည်စည် ကားကား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူ့ရင်ပြင်တွင်လည်း ရေကစားမဏ္ဍပ်များ၊ ခရိုင် အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း ဒုတိယ မြို့တော်ဝန်က ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အတွင်းရေးမှူးက ဌာနများအနေဖြင့် မိမိတို့ တာဝန်ယူထားသည့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ကြပ်မတ်ဆောင်ရွက်သွားပြီး လုံခြုံရေးအတွက် CCTV ကင်မရာများ တပ်ဆင်ရေး တို့အားပြောကြားပြီး ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေး နွေးကြပြီးနောက် ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁)၊ စီမံရေးရာဌာန၊ ဌာနမှူးက ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီများဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ယခုနှစ် ကျင်းပမည့် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများဖြင့် ပြည်သူများကို တင်ဆက်သွားမည့်အပြင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊ မူကြို ကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦးယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia