• Follow Us on
Latest News

Home မြေပြင်ထိုးစစ်အတွက် အစ္စရေးကြည်းတပ်အသင့်ပြင်ထားပြီးဖြစ်ပေမဲ့ အမိန့်မရသေး

မြေပြင်ထိုးစစ်အတွက် အစ္စရေးကြည်းတပ်အသင့်ပြင်ထားပြီးဖြစ်ပေမဲ့ အမိန့်မရသေး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၃

 

အစ္စရေးတပ်မတော်အနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ်စစ်သွေးကြွအဖွဲ့ကိုတိုက်ခိုက်နိုင်ရေး မြေ ပြင်ထိုးစစ်ဆင်ဖို့ အသင့်ပြင်ဆင်နေပြီဖြစ်ပေမဲ့ နိုင်ငံ့ခေါင်းဆောင်တွေက အမိန့်မချမှတ်သေးကြောင်း အစ္စရေး ကြည်းတပ်က ကြာသပတေးနေ့ (အောက်တိုဘာလ ၁၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အစ္စလာမ်မစ်ဝါဒီတွေအတွက် ပြင်ဆင်နေတဲ့ထိုးစစ်ရဲ့ရည်ရွယ်ချက်ဟာ ထိပ်တန်းအစိုးအရာရှိတွေအပါအဝင် ဟားမတ်စ်အဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းကို ရှင်းလင်းသုတ်သင်ဖို့ဖြစ်ကြောင်း အစ္စရေးကြည်းတပ်က ပြောပါတယ်။

 

“မြေပြင်ထိုးစစ်အတွက် ကျွန်တော်တို့နိုင်ငံရေးခေါင်းဆောင်တွေဆီက အမိန့်ကို စောင့်နေပါတယ်။ အခုထိတော့ ဆုံးဖြတ်ချက်မချရသေးဘူး။ ဒါပေမဲ့ ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတာနဲ့ မြေပြင်ထိုးစစ်စတင်နိုင်အောင် ကျွန်တော် တို့ အသင့်ပြင်ထားပါတယ်။” လို့ အစ္စရေးကြည်းတပ်ပြောခွင့်ရပုဂ္ဂိုလ် ရစ်ချတ်ဟက်က သတင်းထောက်တွေကို ပြောပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အခြေခံအဆောက်အဦတွေ၊ စစ်ခေါင်းဆောင်တွေနဲ့ စစ်ရေး ဌာနချုပ်တွေကို ပစ်မှတ်ထားပြီး အစ္စရေးလေတပ်က ဆက်လက်တိုက်ခိုက်နေချိန်မှာ ဂါဇာကမ်းမြောင်နယ်စပ် ဒေသမှာ အစ္စရေးကြည်းတပ်က တပ်ဖွဲ့ဝင်အင်အားထောင်ပေါင်းများစွာကို တပ်ဖြန့်ချထားပါတယ်။

 

စနေနေ့ (အောက်တိုဘာလ ၇ ရက်နေ့) က ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ကြည်း၊ ရေ၊ လေ လမ်းကြောင်းအား လုံးကိုအသုံးပြုပြီး အစ္စရေးနိုင်ငံကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အစ္စရေးလူမျိုး ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးနောက် လက်တုံ့ပြန်တဲ့အနေနဲ့ အခုလို လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

 

လက်ရှိအချိန်အထိ ဟားမတ်စ်အဖွဲ့က အစ္စရေးနိုင်ငံထဲကို ဒုံးကျည်အစင်းရေ ၅၀၀၀ ကျော် ပစ်ခတ်ခဲ့ပြီးပြီလို့ အစ္စရေးကြည်းတပ်က ပြောပါတယ်။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ အခုအချိန်အထိ ၁၃၅၄ ဦး သေဆုံးသွားပြီ ဖြစ်ကြောင်း ဟား မတ်စ်ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“ဖြစ်လာနိုင်တဲ့ ဘက်ပေါင်းစုံထိုးစစ်အစီအမံတွေအတွက် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။ ဖြစ်လာနိုင်တဲ့ထိုး စစ်ထဲမှာ လေကြောင်းထိုးစစ်ရော ရေကြောင်းထိုးစစ်ရေ ပါလာနိုင်ပါတယ်။” လို့ ရစ်ချတ်ဟက်ကပြောပါတယ်။

 

အစ္စရေးစစ်ဆင်ရေးဟာ ဂါဇာဒေသမှာနေတဲ့ ဟားမတ်စ်အကြီးအကဲ ယာယာဆင်ဝါအပါအဝင် ဟားမတ်စ်ခေါင်း ဆောင်တွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ကြောင်း ဟက်က ပြောပါတယ်။

 

“အခုအချိန်ကစပြီး ကျွန်တော်တို့အနေနဲ့ ဟားမတ်စ်အဖွဲ့ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ် ပါတယ်။ စစ်ရေးခေါင်းဆောင်တွေကိုသာမက ယာယာဆင်ဝါအပါအဝင် ဟားမတ်စ်အစိုးရအုပ်ချုပ်ရေးပိုင်းက ခေါင်းဆောင်တွေကိုပါ သုတ်သင်ရှင်းလင်းသွားမှာဖြစ်ပါတယ်။” လို့ ဟက်က ပြောပါတယ်။

 

နောက်ထပ်သီးခြားပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အစ္စလာမ်မစ်ဝါဒီတွေကို တိုက်ခိုက်မယ့် အစ္စရေး တပ်မတော်ရဲ့ အစီအစဉ်တွေကို အစ္စရေးတပ်မတော်ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ်ဟာဂရီးက ပြောပါတယ်။

 

“ဟားမတ်စ်တွေ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုလိုကျင့်သုံးနေတာကို ကျွန်တော်တို့ ဖြိုခွင်းပစ်လိုက်တော့ မှာဖြစ်ပါတယ်။ ဂါဇာဒေသ နေရာတချို့မှာ သူတို့ မအုပ်ချုပ်နိုင်တော့ပါဘူး။ ဂါဇာဒေသ နေရာအားလုံးကို သူတို့ တွေဆက်ပြီး မအုပ်ချုပ်နိုင်တော့အောင် ကျွန်တော်တို့ ဖြိုခွင်းတိုက်ခိုက်သွားတော့မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Israel Prepares ‘Ground Maneuver’ Against Hamas but No Decision Yet: Army

 

#PeopleMedia


Share this post