မြေမြှုပ်မိုင်းတွေထပ်မံအသုံးပြုတဲ့အတွက် မိုင်းကြောင့်သေဆုံးသူဦးရေ ထပ်တိုးလာကြောင်း စောင့်ကြည့်လေ့ လာရေးအဖွဲ့ပြော

PUBLISHED - November 15, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၅
ယူကရိန်းစစ်မြေပြင်မှာ ရုရှားတွေ မိုင်းအသုံးပြုတာအပါအဝင် မြေမြှုပ်မိုင်းအသုံးပြုမှုတွေ ထပ်မံတိုးမြင့်လာတဲ့အ တွက် ကမ္ဘာတစ်ဝန်း ပြီးခဲ့တဲ့နှစ်က မြေမြှုပ်မိုင်းကြောင့် သေဆုံးတဲ့အရေအတွက်ထက် ပိုမိုမြင့်တက်လာခဲ့ ကြောင်း မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့က အင်္ဂါနေ့ (နိုဝင်ဘာလ ၁၄ ရက်နေ့) က ပြောကြား လိုက်ပါတယ်။
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံပေါင်း ၄၉ နိုင်ငံနဲ့ နေရာနှစ်ခုမှာ မြေမြှုပ်မိုင်းနဲ့ စစ်မြေပြင်မှာကျန်ခဲ့တဲ့ခဲယမ်းတွေ ကြောင့် သေဆုံးသူဦးရေ ၄,၇၁၀ ဦးရှိကြောင်း အဲဒီမြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။
ကလေးသူငယ်တစ်ဝက်လောက်ပါရှိတဲ့ အဲဒီသေဆုံးသူတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အရပ်သားတွေဖြစ်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။ အဲဒီသေဆုံးသူဦးရေဟာ သေဆုံးသူဦးရေ ၅,၅၄၄ ဦးရှိခဲ့တဲ့ ရှေ့နှစ်ကထက်စာရင် အနည်းငယ်လျော့ပါးတယ် လို့ ဆိုပါတယ်။
ဒါပေမဲ့ သေဆုံးဦးရေမြှင့်တက်မှုဟာ စစ်ပွဲအတွင်းနဲ့ ကာလရှည် လူတွေကိုသေဆုံး/ဒဏ်ရာရစေခဲ့တဲ့ မြေပေါ် /မြေအောက်မှာ ရည်ရွယ်ချက်ရှိရှိ မြှုပ်ထားတဲ့ မိုင်းတွေနဲ့ ကျန်ရစ်ခဲ့တဲ့ ဗုံးသီးတွေနဲ့ ဆက်စပ်မှုရှိနေကြောင်း နှစ်ပတ်လည်အစီရင်ခံစာကို အတူရေးသားပြုစုခဲ့တဲ့ လိုရင်းပါစီက ပြောပါတယ်။
“၂၀၂၁ ခုနှစ်မှာ လူသတ်မိုင်းကြောင့် လူဦးရေ ၄၁၄ ဦးသေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ လူသတ်မိုင်းကြောင့် လူဦးရေ ၆၂၈ ဦးသေဆုံးခဲ့ပါတယ်။” လို့ ၎င်းက AFP သတင်းဌာနကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ဆီးရီးယားနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ခဲယမ်းအကြွင်းအကျန်တွေကြောင့် သေဆုံးခဲ့သူဦးရေ မြင့်တက် လာခဲ့ရာမှာ ၈၃၄ ဦးရှိတဲ့အတွက် သေဆုံးမှုအမြင့်ဆုံးနှုန်းဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ဒါပေမဲ့ ရုရှားကျူးကျော်စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်မှာ မြေမြှုပ်မိုင်းနဲ့ အကြွင်းအကျန်ခဲ ယမ်းတွေကြောင့် သေဆုံးသူဦးရေဟာ ၅၈ ဦးရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာတော့ ၆၀၈ ဦးအထိ ရှိလာတဲ့အတွက် ဆယ်ဆကျော် မြင့်တက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၂ ခုနှစ်မှာ ယီမင်နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံပေါင်းမှာ မြေမြှုပ်မိုင်းနဲ့ ခဲယမ်းအကြွင်းအကျန်တွေကြောင့် သေဆုံးခဲ့သူဦးရေဟာ ၅၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့အစီရင်ခံစာကို ၁၉၉၇ ခုနှစ်မှာစာချုပ်ချုပ်ဆိုခဲ့တဲ့ မိုင်းတားမြစ်ရေးစာချုပ်အဖွဲ့ဝင် နိုင်ငံတွေရဲ့ နှစ်ပတ်လည်အစည်းအဝေးမတိုင်ခင်မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၄ နိုင်ငံပါဝင်တဲ့ အဲဒီစာချုပ်အဖွဲ့ဟာ လူသတ်မိုင်းတွေ အသုံးပြုခြင်း၊ စုပုံသိုလှောင်ထားရှိ ခြင်း၊ ထုတ်လုပ်ခြင်းနဲ့ လွှဲပြောင်းခြင်းတွေကို တားမြစ်ထားပြီး မိုင်းထိလူနာများထောက်ပံ့ရေး၊ မိုင်းရှင်းလင်းရေး နဲ့ မိုင်းအစုအပုံများဖျက်ဆီးရေးတို့အတွက် လိုအပ်တာတွေကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်ပါတယ်။
“ကမ္ဘာပေါ်က လူသတ်မိုင်းတွေ ရှင်းလင်းရေး ကြိုးပမ်းအားထုတ်မှုမှာ မိုင်းတားမြစ်ရေးစာချုပ်အဖွဲ့ဟာ အဓိက အရေးကြီးတဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။” လို့ မြေမြှုပ်မိုင်းတားမြစ်ရေး နိုင်ငံတကာလှုံ့ဆော်ရေးအဖွဲ့ အ ကြီးအကဲ တာမာဂဘယ်လ်နစ်ခ်က ပြောပါတယ်။
တားမြစ်ထားတဲ့လက်နက်တွေကို ထပ်မံအသုံးပြုနေခြင်းဟာ မြေမြှုပ်မိုင်းတွေနဲ့ပတ်သက်ပြီး ကာလရှည်ထိန်း သိမ်းထားတဲ့စံနှုန်းအတွက် ကြီးမားလှတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း အဲဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။
မိုင်းတားမြစ်ရေးစာချုပ်အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ ၂၀၂၂ ခုနှစ်မှာ နောက်ထပ် မြေ မြှုပ်မိုင်းအသစ်တွေကို ထပ်မံအသုံးပြုခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
Ref: New Use of Landmines Drives up Casualties: Monitor
#PeopleMedia