• Follow Us on

Home မြေမြှုပ်မိုင်းအခြေအနေအဆိုးရွားဆုံး သုံးနိုင်ငံထဲမှာ ယီမင်ပါဝင်ကြောင်း ICRC ပြော

မြေမြှုပ်မိုင်းအခြေအနေအဆိုးရွားဆုံး သုံးနိုင်ငံထဲမှာ ယီမင်ပါဝင်ကြောင်း ICRC ပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၂

 

ပြည်တွင်းစစ်ကိုးနှစ်ကြာဖြစ်ပွားပြီးနောက် ယီမင်နိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းတွေပြန့်ကျဲနေတဲ့ အဆိုးရွား ဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်နေပြီဖြစ်ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့ (International Committee of the Red Cross- ICRC က သတိပေးပြောကြားလိုက်ပါတယ်။

 

၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ ယီမင်မြို့တော်ကို အီရန်နိုင်ငံကထောက်ပံ့ထားတဲ့ ဟူသီသူပုန်တွေသိမ်းပိုက် လိုက်ပြီးနောက် ပြည်တွင်းစစ်ဒဏ်ခံခဲ့ရတဲ့ ဆင်းရဲမွဲတေတဲ့ အာရပ်နိုင်ငံ ယီမင်ဟာ ကမ္ဘာ့အဆိုးရွားဆုံးသုံးနိုင်ငံ စာရင်းထဲမှာ ပါဝင်တယ်လို့ ICRC က ပြောပါတယ်။

 

ယီမင်းပြည်တွင်းစစ်ကာလအတွင်း နိုင်ငံတစ်ဝန်း မိုင်းအလုံးရေ တစ်သန်းထက်မနည်း မြှုပ်နှံထားခဲ့တာကြောင့် မပေါက်ကွဲသေးတဲ့ မိုင်းအန္တရာယ်တွေကို နေ့စဉ်ကြုံတွေ့နေရကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

 

“ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းတွေရှုပ်ပွနေပြီး မိုင်းဒဏ် အဆိုးရွားဆုံးခံနေရတဲ့ နိုင်ငံသုံးနိုင်ငံထဲမှာ ယီမင်နိုင်ငံ ပါ ဝင်ပါတယ်။ အဲဒီသုံးနိုင်ငံက အာဖဂန်နစ္စတန်၊ အီရတ်နဲ့ ယီမင်တို့ပဲဖြစ်ပါတယ်။” လို့ ICRC ရဲ့ အရှေ့အလယ် ပိုင်း ညွှန်ကြားရေးမှူး ဖာဘရီဇီယိုဘာဘိုနီက AFP ကို ပြောပါတယ်။

 

“အဲဒီမိုင်းတွေဒဏ်က အကြီးအကျယ်ဖျက်ဆီးနိုင်ပါတယ်။ အဲဒီကပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုအ များကြီးရှိတယ်။ သူတို့ရဲ့ဘေးကင်းလုံခြုံမှု၊ အသက်မွေးဝမ်းကျောင်းအလုပ်တွေအပေါ် အကျိုးသက်ရောက်မှုအ များကြီးရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ဆော်ဒီအာရေးဗီးယားဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့တျွေက ၂၀၁၅ ခုနှစ်ကစပြီး ဟူသီသူပုန်တွေကို တိုက်ခိုက် လာတဲ့အတွက် ပြည်တွင်းစစ်ပိုမိုကျယ်ပြန့်လာပြီး အဲဒီပြည်တွင်းစစ်ဘေးဒဏ်ကြောင့်ရော ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကြောင့်ရော လူဦးရေအမြောက်အမြား သေကြေပျက်စီးခဲ့ရပါတယ်။

 

ယီမင်နိုင်ငံမှာ ပြီးခဲ့တဲ့ငါးနှစ်အတွင်းက မြေမြှုပ်မိုင်း၊ မပေါက်ကွဲသေးတဲ့အမြောက်ကျည်/စိန်ပြောင်းကျည်နဲ့ တခြားခဲယမ်းအကျန်အကြွင်းတွေ ပေါက်ကွဲမှုကြောင့် အရပ်သား ၁၄၆၉ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂနဲ့ ဆက်နွယ်တဲ့ အရပ်သားထိခိုက်မှုစောင့်ကြည့်လေ့လာရေးစီမံချက် (Civilian Impact Monitoring Project) အဖွဲ့က ပြောပါတယ်။

 

“မပေါက်ကွဲသေးတဲ့ မိုင်းတွေ အများအပြားကျန်ရှိနေပါသေးတယ်။” လို့ ဖာဘရီဇီယိုဘာဘိုနီကပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့အနီးတစ်ဝိုက်က နယ်မြေနှစ်ခုမှာနေထိုင်ကြတဲ့ သိုး/ဆိတ် ပိုင်ရှင် နှစ်ဆယ်ရာခိုင် နှုန်းက ၎င်းတို့နယ်မြေမှာ ပေါက်ကွဲမှုှတွေဖြစ်ပွားတာကို ပြောဆိုခဲ့ကြကြောင်း ပြီးခဲ့တဲ့နှစ်က အင်တာဗျူးတွေ ဆောင်ရွက်ခဲ့တဲ့ ICRC အဖွဲ့က ပြောပါတယ်။

 

ICRC အဖွဲ့က သိုးကျောင်းသားတွေကို စစ်တမ်းကောက်ယူမေးမြန်းခဲ့ရာမှာ သိုးကျောင်းသား ၇၀ ရာခိုင်နှုန်းက သိုးတွေဟာ မြေမြှုပ်မိုင်းပေါက်ကွဲမှုနဲ့ တခြားဗုံးသီးပေါက်ကွဲမှုတွေကြောင့် သေဆုံးခဲ့ရတယ်လို့ပြောပါတယ်။

 

၂၀၂၂ ခုနှစ် ဧပြီလအတွင်း ကုလသမဂ္ဂရဲ့ကြားဝင်စေ့စပ်မှုကြောင့် ယီမင်နိုင်ငံမှာတိုက်ပွဲတွေလျော့ပါးလာခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ သဘောတူညီချက် ပျက်ပြားသွားတာတောင်မှ ဆက်လက်ထိန်းသိမ်းထားနိုင် ခဲ့တယ်လို့ ဆိုပါတယ်။

 

ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေမဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို နှစ်ပေါင်းများစွာအ ချိန်ယူလုပ်ဆောင်ရဦးမှာဖြစ်ကြောင်း ဖာဘရီဇီယိုဘာဘိုနီကပြောပါတယ်။

 

Ref: Yemen’s Explosives Contamination among World’s Worst: ICRC

 

#PeopleMedia


Share this post