မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်သည့် ဒေသခံများကို KIA က ဗုံးဖြင့်ဖြိုခွင်းပြီး ဒေသခံ (၅၀) ခန့်ကိုလည်း ဖမ်းဆီးထား
PUBLISHED - February 15, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဖရဲရွာအနီးတွင် မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်သည့် ဒေသခံများကို KIA က ဗုံးဖြင့်ဖြိုခွင်းပြီး ဒေသခံ (၅၀)ခန့်ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၉)ရက်က ချီဖွေမြို့နယ်ရှိ ဖရဲရွာအနီးတွင် KIA အဖွဲ့မှ မြေရှားသတ္တုတူးဖော်နေမှုကို ကန့်ကွက်ကြောင်း ဖရဲဒေသခံပြည်သူများမှ ဆန္ဒပြရန် စုဝေးနေချိန်တွင် KIA အဖွဲ့ဝင်များက ဗုံးဖြင့်ပစ်ပြီး ဖြိုခွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KIA က ဖမ်းဆီးခဲ့သည့် ဒေသခံများတွင် သက်ကြီးရွယ်အိုများ အပြင် ဘာသာရေးဆရာ၊ ကျောင်းဆရာနှင့် လူငယ်များ ပါဝင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဖရဲကျေးရွာပြည်သူများ၏ သောက်သုံးရေ အရင်းအမြစ် တည်ရှိသည့် အေဒေါင်ဟောချောင်း (E Dau Haw Hka)၊ မောင်းရိဟောချောင်း (Mau Yi Haw Hka) တစ်လျှောက်နှင့် စိုက်ပျိုးမြေနေရာများကို KIA အဖွဲ့ဝင်များ က မြေရှားသတ္တု စမ်းသပ်တူးဖော်ခွင့်ပြုခဲ့သည့်အတွက် ဒေသခံများမှ ကန့်ကွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြေရှားသတ္တု တူးဖော်နေမှုကို “ရွှေကား” အမည်ရှိ ‘ဝ’ ကုမ္ပဏီက ဆောင်ရွက်နေခြင်းဖြစ်ပြီး KIA တပ်မဟာ (၇) နယ်မြေ၊ စီးပွားရေးဌာန (Sut Masa Rung) က ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့မှ မတ်လ ၂၅ ရက်နေ့အထိ စမ်းသပ်တူးဖော်ခွင့်ပြုထားကြောင်း သိရသည်။
#PeopleMedia