မြောက်ကိုရီးယားက ရုရှားအတွက် စစ်လက်နက်ပစ္စည်း ကွန်တိန်နာအလုံး ၇,၀၀၀ ဝန်းကျင် ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယားပြော
PUBLISHED - March 19, 2024
နိုင်ငံတကာ၊ မတ် ၁၉
ရုရှားနိုင်ငံ ယူကရိန်းစစ်ပွဲမှာ အသုံးပြုနိုင်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကစပြီး ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်း ကွန်တိန်နာအလုံး ၇,၀၀၀ ဝန်းကျင် ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယားကာ ကွယ်ရေးဝန်ကြီးက တနင်္လာနေ့ (မတ်လ ၁၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့သလို မြောက်ကိုရီးယားကလည်း နျူကလီးယားစမ်းသပ်မှု တွေကို ဆောင်ရွက်နေတဲ့အတွက် ရုရှားကိုရော မြောက်ကိုရီးယားကိုပါ နိုင်ငံတကာအသိုင်းအဝိုင်းက စီးပွားရေး ပိတ်ဆို့အရေးယူမှု အများအပြား ချမှတ်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းက ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန် တို့ ရုရှားနိုင်ငံ အရှေ့ဖျားဒေသမှာ တွေ့ဆုံခဲ့တဲ့အတွက် မြောက်ကိုရီးယားဟာ ရုရှားကို စစ်လက်နက်ပစ္စည်းတွေ စတင်ထောက်ပံ့နေပြီလို့ အမေရိကန်က စွပ်စွဲခဲ့ပါတယ်။
“မြောက်ကိုရီးယားကနေ ရုရှားကို စစ်လက်နက်ပစ္စည်းတွေတင်ပို့နေတာ အခုအချိန်အထိ ကွန်တိန်နာအလုံး ၇၀၀၀ နီးပါးရှိနေပါပြီ။” လို့ တနင်္လာနေ့က သတင်းစာရှင်းလင်းပွဲမှာ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ရှင် ဝန်ဆစ်က AFP သတင်းဌာနကို ပြောပါတယ်။
အဲဒီတင်ပို့မှုတွေအားလုံးကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်သလို လက်ရှိအချိန်မှာ ရေလမ်းကြောင်းကတင်ပို့တာတွေကို ရပ်ဆိုင်းထားပြီး တချို့လက်နက်တွေကို မီးရထားလမ်းကတစ်ဆင့်တင်ပို့ ခဲ့တာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
မြောက်ကိုရီးယားကနေ ရုရှားကိုပို့ဆောင်မယ့် စစ်လက်နက်ပစ္စည်းတွေ လမ်းကြောင်းပေါ်မှာ တွေ့ရကြောင်း၊ ခန့်မှန်းတွက်ချက်မှုအရ စစ်လက်နက်ပစ္စည်း/ခဲယမ်းမျိုးစုံ ကွန်တိန်နာအလုံး ၁၀၀၀ ကျော်ရှိကြောင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက အမေရိကန်အစိုးရက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ရုရှားကို အမြောက်ကျည် တစ်သန်းကျော်တင်ပို့ပေးခဲ့တဲ့အတွက် အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားကြိုးပမ်းနေတဲ့စစ်ဘက်ဆိုင်ရာကင်းထောက်ဂြိုဟ်တုအတွက် နည်းပညာတွေကို ရုရှားကပြန် လည်ပေးအပ်ခဲ့ကြောင်း တောင်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က အလွန်တက်ကြွစွာထောက်ခံတဲ့နိုင်ငံဖြစ်ပြီး ရုရှား နဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ ၎င်းတို့နိုင်ငံအတွက် နံပတ်တစ်ထိပ်တန်းဦးစားပေးအဆင့်ဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ခရီးစဉ်မှာ ကင်က ပြောပါတယ်။
ပြုံယမ်းအစိုးရဟာ ဂြိုဟ်တုနည်းပညာတွေနဲ့ ၎င်းတို့လက်ဝယ်ရှိ ဆိုဗီယက်ခေတ် စစ်လက်နက်ပစ္စည်းတွေကို အဆင့်မြှင်တင်ဖို့အတွက် နည်းပညာတွေကို ရုရှားထံက ရရှိအောင် ကြိုးပမ်းနေတာဖြစ်ကြောင်း အမေရိကန်နဲ့ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
ပဉ္စမအကြိမ်မြောက်တာဝန်ထမ်းဆောင်ခွင့်ရရှိအောင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့တဲ့ သမ္မတပူတင်ရဲ့အောင်ပွဲ ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတစ်စောင် ကင်ဂျုံအန်က ပေးပို့ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာက တနင်္လာနေ့က ကြေညာပါတယ်။
Ref: Seoul Says N Korea Has Shipped 7,000 Arms Containers to Russia
#PeopleMedia