မြောက်ကိုရီးယားစစ်တပ်ကို အသေခံဒရုန်းတွေတပ်ဆင်ဖို့ကင်ဂံျုအန်ညွှန်ကြား
PUBLISHED - August 26, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၆
အသေခံဒရုန်းတွေစမ်းသပ်မှုကို ကြီးကြပ်စစ်ဆေးပြီးနောက် မြောက်ကိုရီးယားတပ်မတော်ကို အဲဒီတိုက်ခိုက်ရေး လက်နက်သစ်တွေ တပ်ဆင်သွားဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ညွှန်ကြားလိုက်ပါတယ်။
ပြည်တွင်းမှာထုတ်လုပ်ထားတဲ့ အသေခံဒရုန်းတွေကို စမ်းသပ်ရာမှာ ကင်ဂျုံအန်ဟာ လေ့လာရေးအခန်းထဲက နေ စိတ်လှုပ်ရှားနေပုံရသလို စမ်းသပ်မှုအောင်မြင်သွားတဲ့အချိန်မှာ ပြုံးရွှင်နေတဲ့ပုံကို မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်သံဌာနကနေ ထုတ်လွှင့်ပြသခဲ့ပါတယ်။
စမ်းသပ်မှုတစ်ခုမှာ X ပုံသဏ္ဍန်မြီးနဲ့ တောင်ပံတစ်စုံပါတဲ့ အဖြူရောင်ဒရုန်းတစ်စင်းဟာ တင့်ကားတစ်စီးကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တင့်ကားရော ဒရုန်းပါ ပေါက်ကွဲပျက်စီးသွားခဲ့တာကို တွေ့မြင်ရပါတယ်။
အမေရိကန်အစိုးရ၊ တောင်ကိုရီးယားအစိုးရတို့နဲ့ တင်းမာမှုတွေ မြင့်တက်နေစဉ်အတွင်း ပြုံယမ်းအစိုးရဟာ ၎င်း တို့တပ်မတော်ကို အဆင့်မြှင့်တင်နေသလို စစ်လက်နက်ပစ္စည်းတွေကိုလည်း အဆင့်မြှင်တင်ထုတ်လုပ်နေတယ် လို့ အယ်ဂျာဇီယားသတင်းဌာနက ရေးသားခဲ့ပါတယ်။
စစ်လက်နက်ပစ္စည်းနည်းပညာတွေထုတ်လုပ်ရာမှာ ကမ္ဘာ့နို်င်ငံတွေဟာ နည်းပညာသစ်တွေရဲ့ အရေးပါမှုကို ထုတ်ဖော်ပြသနေစဉ်အတွင်း အသေခခံဒရုန်းတွေရဲ့ အောင်မြင်မှုနဲ့ အရေးပါမှုတွေဟာ ခေတ်သစ်စစ်ပွဲမှာ ၎င်း တို့ရဲ့အခန်းကဏ္ဍကို မီးမောင်းထိုးပြလိုက်တာဖြစ်ကြောင်း ကင်ဂျုံအန်က ပြောပါတယ်။
မြောက်ကိုရီးယားတပ်မတော်ကို အဲဒီအသေခံဒရုန်းတွေကို တတ်နိုင်သမျှ စောလျင်စွာ တပ်ဆင်သွားရမှာဖြစ် ကြောင်း ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့သုံးနှစ်အတွင်းက စစ်ပွဲတွေမှာ အဲဒီအသေခံတိုက်ခိုက်ရေးဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ ကြရာ အထူးသဖြင့် ရုရှား-ယူကရိန်း စစ်ပွဲမှာ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြပါတယ်။
မကြာသေးခင်နှစ်တွေအတွင်းကလည်း အရှေ့အလယ်ပိုင်းဒေသမှာ အသေခံဒရုန်းတွေကို ကျယ်ပြန့်စွာ အသုံး ပြုလာသလို ဒီအသေခံဒရုန်းတွေဟာ တခြားလက်နက်တွေနဲ့ နှိုင်းယှဉ်ရင် အချိန်နဲ့တပြေးညီ တိုက်ရိုက်ညွှန် ကြားအသံးပြုနိုင်စွမ်းရှိတဲ့အတွက် အနာဂတ်စစ်ပွဲတွေမှာ အဓိက အခန်းကဏ္ဍက ပါဝင်လာတော့မှာဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အခုလို အသေခံဒရုန်းတွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်ပြီး အသုံးပြုရေး အဓိကအာရုံစိုက် ဆောင်ရွက်နေတာဟာ ခေတ်မီနည်းပညာတွေ အဓိကအခန်းကဏ္ဍကပါဝင်လာတဲ့ အဆင့်မြင့်စစ်နည်းမဟာဗျူ ဟာလမ်းကြောင်းမှာ ပိုမိုကျယ်ပြန့်လာတဲ့ လမ်းကြောင်းတစ်ခုအဖြစ် ထင်ဟပ်ပေါ်လွင်စေတာပဲဖြစ်ပါတယ်။
နိုင်ငံတကာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်လာတာနဲ့အမျှ ဒီအသေခံတိုက်ခိုက်ရေးဒရုန်းတွေရဲ့ မဟာဗျူဟာမြောက် အရေးပါမှုကလည်း ပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိပါတယ်။
Ref: North Korean leader emphasizes equipping military with offensive drones
#PeopleMedia