မြောက်ကိုရီးယားနိုင်ငံက လောင်စာခဲသုံး ဟိုက်ပါဆောနစ်ဒုံးကျည်သစ်တစ်စင်း စမ်းသပ်ပစ်ခတ်ခဲ့

PUBLISHED - January 15, 2024
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅
ကြားဖြတ်တိုက်ခိုက်ရခက်ခဲတဲ့ လောင်စာခဲစွမ်းအင်သုံး ဟိုက်ပါဆောနစ် ဒုံးကျည်သစ်တစ်စင်းကို စမ်းသပ်ပစ် လွှတ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံက ကြေညာလိုက်ပါတယ်။
ရုရှားနိုင်ငံက နည်းပညာထောက်ပံ့မှုအတွက် အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားအစိုးရက ယူကရိန်းစစ်ပွဲ မှာအသုံးပြုဖို့ ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေရောင်းပေးနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာ စိုး ရိမ်ပူပန်မှုတွေ မြင့်တက်နေတဲ့ကြားက မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးချိုဆန်ဟွေး မော်စကိုမြို့ကိုသွား ရောက်နေစဉ်အတွင်း တနင်္ဂနွေနေ့က အခုလို ဒုံးကျည်စမ်းသပ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အခုပစ်လွှတ်လိုက်တဲ့ဒုံးကျည်ဟာ အဆင့်ပေါင်းစုံအားထားလောက်မှု၊ တွန်းကန်အားမြင့် လောင်စာခဲအင်ဂျင်နဲ့ တာလတ်ပစ်ဟိုက်ပါဆောနစ်စွမ်းဆောင်ရည်တို့ပါရှိတဲ့ထိပ်ဖူးတို့ကို ထည့်သွင်းပြီး ဒီဇိုင်းရေးဆွဲတည်ဆောက် ထားတာဖြစ်ကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ကြေညာပါတယ်။
အခုစမ်းသပ်ပစ်ခတ်မှုဟာ အိမ်နီးချင်းနိုင်ငံတွေကို ထိခိုက်မှုမရှိသလို ဒေသတွင်းအခြေအနေတွေကိုလည်း ထိ ခိုက်မှုမရှိကြောင်း KCNA သတင်းဌာနက ပြောပါတယ်။
အဲဒီဒုံးကျည်ဟာ အရှေ့ဘက်ပင်လယ်ဆီကနေ ခန့်မှန်း ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်) ဝန်းကျင် အထိ ပျံသန်း သွားကြောင်း၊ အခြေအနေအသေးစိတ်ကို တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် အစိုးရအာဏာပိုင်တွေက ဆန်းစစ်လေ့လာနေကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာ ချက်ထဲမှာ ပြောပါတယ်။
အဆိုပါဒုံးကျည်ဟာ အမြင့်ပေ အနည်းဆုံး ကီလိုမီတာ ၅၀ (မိုင် ၃၀) လောက်က ပျံသန်းသွားတာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးပစ်ခတ်ခဲ့တဲ့ဒုံးကျည်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က ပစ်ခတ်ခဲ့ တဲ့ လောင်စာခဲစွမ်းအင်သုံး Hwasong0-18 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့နဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း လောင်စာခဲ စွမ်းအင်သုံး တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ်ခဲ့ပါသေးတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က ပြီးခဲ့တဲ့သီတင်းပတ်က တောင်ကိုရီးယားကို အဓိကရန်သူအဖြစ် သတ်မှတ်ပြောဆိုခဲ့ပြီး တောင်ကိုရီးယားနိုင်ငံကို တိုက်ခိုက်ချေမှုန်းပစ်ဖို့ လက်တွန့်နေမှာမဟုတ်ကြောင်း သတိ ပေးခဲ့ပါတယ်။
“ကိုရီးယားသမ္မတနိုင်ငံလို့ခေါ်တဲ့ တောင်ကိုရီးယားနိုင်ငံဟာ ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံကို ရန်အလိုဆိုးနိုင်ငံတစ်နိုင်ငံအဖြစ် ကျွန်တော်တို့သတ်မှတ်ရမယ့် သမိုင်းဝင်အချိန်တစ်ခုကို ရောက်ရှိလာပြီဖြစ် ပါတယ်။” လို့ ကင်ဂျုံအန်စကားကို ကိုးကားပြီး KCNA သတင်းဌာနက ပြောပါတယ်။
လောင်စာခဲစွမ်းအင်သုံးဒုံးကျည်ကို အလွန်လျင်မြန်စွာပစ်လွှတ်နိုင်ပြီး အလွယ်တကူရွေ့လျား ဖုံးကွယ်နိုင်တဲ့ စွမ်းရည်ရှိတဲ့အတွက် သီအိုရီအရ ခြေရာခံထောက်လှမ်းဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။
ဟိုက်ပါဆောနစ်ဒုံးကျည်တွေဟာ အသံထက် ငါးဆမြန်တဲ့နှုန်း (Mach 5) နဲ့ ပျံသန်းနိုင်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက စွမ်းအင်ပြည့်ဝတဲ့ ဟိုက်ပါဆောနစ်ဒုံးကျည်တွေ ထုတ်လုပ်နိုင်ပြီဆိုရင် အဲဒီဒုံးကျည် တွေရဲ့ အမြန်နှုန်းနဲ့ စွမ်းဆောင်ရည်တွေကြောင့် ဒေသတွင်းရှိဒုံးကျည်ကာကွယ်ရေးစနစ်တွေကို စိန်ခေါ်လာနိုင် စွမ်းရှိမှာဖြစ်ပါတယ်။
Ref: North Korea says it tested solid-fuel missile with hypersonic warhead
#PeopleMedia