• Follow Us on
Latest News

Home မြောက်ဥက္ကလာပမြို့နယ် အ-လ-က (၁၀) ၌ မူးယစ်ဆေးဝါးသုံးစွဲသည့် ကျောင်းသား (၇) ဦးကို ကျောင်းအုပ် ဆရာမကြီးမှ ကျောင်းသားမိဘများထံ ပြန်လည်အပ်နှံ

မြောက်ဥက္ကလာပမြို့နယ် အ-လ-က (၁၀) ၌ မူးယစ်ဆေးဝါးသုံးစွဲသည့် ကျောင်းသား (၇) ဦးကို ကျောင်းအုပ် ဆရာမကြီးမှ ကျောင်းသားမိဘများထံ ပြန်လည်အပ်နှံ

Share this post

နေပြည်တော်၊ သြဂုတ် ၃၀

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အ-ထ-က(ခွဲ)၊ အလက (၁၀)ကျောင်း၌ မူးယစ်ဆေးဝါး သုံးစွဲသည့် ကျောင်းသား (၇)ဦးကို ကျောင်းအုပ်ဆရာကြီးမှ ကျောင်းသားမိဘများထံ ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကျောင်းသားများအနေဖြင့် ဆရာ၊ဆရာမများကို မကြာခဏ နှောက်ယှက်နေမှုများ အပါအဝင် မသင်္ကာ ဖွယ် အပြုအမူများ ပြုလုပ်နေခြင်းကြောင့် ဆရာ၊ဆရာမများအနေဖြင့် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ရာတွင် ဆေးလိပ်၊ မီးခြစ်၊ ဆေးရည်ထည့်သုံးစွဲရသည့် (Vape,Pod) များ အကြိမ်ကြိမ် တွေ့ရှိခဲ့ရသဖြင့် မိဘများကို ခေါ်ယူကာ အကြိမ်ကြိမ်သတိပေးခဲ့ကြောင်း သိရသည်။

 

ယင်းကျောင်းသားများအနေဖြင့် မကြာခဏ ခိုက်ရန်ဖြစ်ပွါးခြင်း၊ ကျောင်းသူများအား ကျောင်းပြင်ပတွင် လိုက်နှောက်ယှက်ခြင်း၊ ကျောင်းဘေးရှိ အအေးဆိုင်တွင် အုပ်စုလိုက် ဆေးလိပ်သောက်ခြင်းများ ပြုလုပ်သဖြင့် ဆရာ၊ ဆရာမများက အဆိုပါဆိုင်သို့ မသွားရန် တားမြစ်ခဲ့သော်လည်း ဆိုင်အား ပြန်ပြော၍ ရန်တိုက်ပေး ခြင်းများ ပြုလုပ်ခဲ့သဖြင့် အဆိုပါ ဆိုင်ရှင်မှ လူမှုကွန်ယက်တွင် ဆရာ၊ဆရာမများနှင့် ကျောင်း၏သိက္ခာကို ထိပါးကာ စောင်းမြောင်း ဆဲဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင့် သြဂုတ်လ (၂၆)ရက်တွင် ဆရာ၊ဆရာမများအနေဖြင့် အလက (၁၀)ကျောင်း Grade -10 (STEAM-2) စာသင်ခန်းအတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် စာသင်ခန်းအတွင်းမှ စီးကရက်အချို့၊ မီးခြစ်နှင့် ဖုန်းတစ်လုံးအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါဖုန်းအား စစ်ဆေးရာတွင် Messenger အတွင်းတွင် သူငယ်ချင်းများ အချင်းချင်း စကားပြောရာ၌ မူးယစ်ဆေးဝါး သုံးစွဲထားသည့် အခိုင်အမာ အထောက်အထားများ တွေ့ရှိရသဖြင့် ကျောင်းသား (၉)ဦးအား ခေါ်ယူစစ်ဆေးခဲ့ရာ ကျောင်းသား (၇)ဦးမှ သုံးစွဲခဲ့ဖူးကြောင်းကို ဝန်ခံခဲ့သောကြောင့် ၎င်းတို့၏ မိဘများကို ခေါ်ယူတွေ့ဆုံခဲ့သည်။

 

ယင်းနောက်တွင် မူးယစ်ဆေးဝါး သုံးစွဲသည့် Grade -10 (STEAM-2) မှ ကျောင်းသား (၆)ဦးနှင့် Grade -10 (STEAM-1) မှ ကျောင်းသား (၁)ဦး စုစုပေါင်း ကျောင်းသား (၇)ဦးအား မိဘများနှင့် ညှိနှိုင်းကာ ကျောင်းပြောင်း လက်မှတ်များ ထုတ်ပေးမည်ဟု ဆုံးဖြတ်ခဲ့ပြီး သြဂုတ်လ (၂၈)ရက်တွင် ကျောင်းသား (၅)ဦး သြဂုတ်လ (၂၉)ရက်တွင် ကျောင်းသား (၂)ဦးတို့ ကျောင်းပြောင်းလက်မှတ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

ကျန်ရှိသည့် ကျောင်းသား (၂)ဦးမှ (၁)ဦးသည် ဆရာ၊ဆရာမများကို နောက်ပြောင်ပျက်ရယ်ပြုထားသော ကျောင်းသားဖြစ်ပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ခံဝန်ကတိရေးထိုးခိုင်းခဲ့ပြီး နောက်ထပ် ကျောင်းသား (၁)ဦးသည်လည်း မူးယစ်ဆေးဝါး သုံးစွဲထားခြင်းမရှိသောကြောင့် ကျောင်းပြောင်း သွားသည့် ကျောင်းသားများနှင့် အဆက်အသွယ် ပြတ်စေရေးအတွက် မိဘများထံ ရက်သတ္တပတ် ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post