မွေးရာပါခါးရိုးကောက်သောလူနာ(၁၂)ဦးကိုခါးရိုးပြန်လည်တည့်မတ်ကုသခြင်းအောင်မြင်စွာဆောင်ရွက်ပေးခဲ့
PUBLISHED - July 17, 2023
နေပြည်တော်၊ ဇူလိုင် ၁၇
အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်၊ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် အရိုးရောဂါအထူးကု ဆေးရုံကြီး-ရန်ကုန်မှ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်အထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာသိန်းအောင် ကျော်၊ ဒေါက်တာရှိန်မြင့်ဟန်၊ အထူးကုဆရာဝန်များဖြစ်ကြသော ဒေါက်တာနိုင်လင်းဦး၊ ဒေါက်တာ ကျော်လင်း လင်းတို့နှင့် ဆွစ်ဇာလန်နိုင်ငံ၊ Swiss Spine Foundation မှ ကျောရိုးခွဲစိတ်ဆရာဝန် ပါမောက္ခဒေါက်တာကံမင်း တို့ပူးပေါင်း၍ ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ မွေးရာပါ ခါးရိုးကောက်သောရောဂါ (Scoliosis) လူနာ(၁၂)ဦးကို ခါးရိုးပြန်လည် တည့်မတ်ကုသခြင်း (Pedicle Screws and Rods Posterior Fixation)ကို အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ခါးရိုးကောက်သောရောဂါကုသခြင်းများကို ခုတင်(၃၀၀)ဆံ့ အရိုးရောဂါ အထူးကုဆေးရုံကြီး-ရန် ကုန်တွင် ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်မှ ကျောရိုးခွဲစိတ် အထူးကုဆရာဝန်များကိုယ်တိုင် လုပ် ဆောင်၍လည်းကောင်း၊ နိုင်ငံခြားမှ ကျွမ်းကျင်သော ကျောရိုးခွဲစိတ်အထူးကုဆရာဝန်များကို ဖိတ်ခေါ်၍လည်း ကောင်း ဆောင်ရွက်လျက်ရှိရာ (၂၀၀၅)ခုနှစ်မှစ၍ တစ်နှစ်လျှင် ပျှမ်းမျှ(၁၂)ဦးခန့် ခွဲစိတ်ကုသပေးခဲ့ပြီး ယနေ့ အထိ စုစုပေါင်းခါးရိုးကောက်သောရောဂါလူနာ (၂၀၀)ကျော်ကို အောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပြီး ဖြစ်သည်။
မွေးရာပါခါးရိုးကောက်သောရောဂါ (Scoliosis)ကို ငယ်ရွယ်စဉ်အချိန်တွင် ဆောလျင်စွာ ကုသမှုခံယူပါက ပိုမို၍ ကျောရိုးကွေးကောက်လာခြင်း မဖြစ်နိုင်တော့ဘဲ ကုသမှုခံယူပြီးပါက ပြန်လည်၍ တည့်မတ်နေသော ကျောရိုး ကြောင့် ငယ်ရွယ်စဉ်အချိန်ကာလများတွင် ရှက်ရွံ့အားငယ်မှုများ ကင်းဝေးစေပြီး မိမိကိုယ်ကို ယုံကြည်စွာဖြင့် လှုပ်ရှားသွားလာနိုင်စေမည်ဖြစ်ပြီး အသက်အရွယ်ကြီးလာသောအခါတွင် ကျောရိုးကျီးပေါင်းရောဂါ ဖြစ်ပေါ် လာစေမှုမှ သက်သာစေမည်ဖြစ်သည်။
ထိုပြင် ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်ကုသမှုများကို မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် အရိုးရောဂါ အထူးကုဆေးရုံကြီး-မန္တလေးတို့တွင်လည်း ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိရာ အရိုးရောဂါအထူး ကုဆေးရုံကြီး-မန္တလေး၌ ခါးဆစ်ကျွံရောဂါများ၊ ခါးရိုးကျီးပေါင်းတက်ရောဂါများ၊ လည်ပင်းရိုးကျီးပေါင်းတက် ရောဂါများ၊ ခါးရိုးတီဘီရောဂါများကို ကုသပေးလျက်ရှိပြီး မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျောရိုးထိခိုက်ဒဏ်ရာ ရလူနာများကို ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သိရသည်။
#PeopleMedia