ယခင်က မိမိတို့နိုင်ငံသည် ပြည်ပမှထောက်ပံ့မှုများချေးငွေများကိုအလွန်အမင်းအားကိုး၍ ရပ်တည်ခဲ့သည်ကို တွေ့ရှိရဟု နစကဥက္ကဋ္ဌပြောကြား

PUBLISHED - February 28, 2023
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
ယခင်က မိမိတို့နိုင်ငံသည် ပြည်ပမှထောက်ပံ့မှုများ ချေးငွေများကို အလွန်အမင်းအားကိုး၍ ရပ်တည်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ယမန်နေ့က ရခိုင်ပြည်နယ်အတွင်းရှိ (MSME) လုပ်ငန်းရှင်များအား စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“ကျွန်တော်တို့နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေကြောင့် နိုင်ငံ့စီးပွားရေးကျဆင်းခဲ့ရပြီး အရင်က ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အားပေးမှုမရှိခဲ့တာ ကြောင့်လည်း အခက်အခဲတွေ ပိုမိုတွေ့ကြုံခဲ့ရပါတယ်။ အရင်က ကျွန်တော်တို့ နိုင်ငံဟာ ပြည်ပက ထောက်ပံ့မှုတွေ ချေးငွေတွေကို အလွန် အမင်းအားကိုးပြီး ရပ်တည်ခဲ့တာကို တွေ့ရှိရပါတယ်။ ဒါကြောင့် နိုင်ငံ့စီးပွား ပြန်လည်တိုးတက်စေဖို့ ကျွန်တော်အနေနဲ့ အခက်အခဲတွေကြားက ကြိုးပမ်းဆောင်ရွက်နေ ပါတယ်၊”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ပြည်တွင်းစီးပွားရေးတိုးတက်ရန်အတွက် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အသုံးပြုရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းပင်ဖြစ်ကြောင်း၊ တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ် ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများကို ပေါများလာစေမည်ဖြစ်ပြီး ငွေကြေးလည်ပတ်မှုများလည်း ဖြစ်ပေါ်လာမည်ဖြစ်သဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ် ကြောင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိပြီး ထုတ် ကုန်များတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြန်လည်ကျင်းပ နိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ပြန်လည်ကျင်း ပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ထာဝရငြိမ်းချမ်းစေ ရေးဆောင်ရွက်နိုင်မှသာလျင် ဒေသခံနောင်လာနောက်သားများကို ကောင်း မွန်သည့် အနာဂတ်ဘဝများ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပြီး ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။
#PeopleMedia
(unicode)
………………………………………………
#PeopleMedia