ယခုအချိန်တွင် Export လုပ်ကိုင်သူများကအနစ်နာခံ၍ ဆောင်ရွက်နေသော်လည်း Import သမားများကသာ အကျိုးခံစားနေရသည်ဆိုသည့်တင်ပြချက်များရှိကြောင်း နစကဥက္ကဋ္ဌပြောဆို
PUBLISHED - December 5, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၅
ယခုအချိန်တွင် Export လုပ်ကိုင်သူများက အနစ်နာခံ၍ ဆောင်ရွက်နေသော်လည်း Import သမားများကသာ အကျိုးခံစားနေရသည်ဆိုသည့် တင်ပြချက်များရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၇/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက မိမိတို့စတင်တာဝန်ယူချိန်မှစပြီး နိုင်ငံရေးကို အကြောင်းပြကာ ချေးငွေများနှင့် ထောက်ပံ့မှုများအားလုံးရပ်ဆိုင်းသွားခဲ့ကြောင်း၊ နောက်ပိုင်းတွင် အချို့သောမိတ်ဆွေနိုင်ငံများ အနေဖြင့် ပြန်လည်ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ နိုင်ငံခြားငွေနှင့်ပတ်သက်၍ အခက်အခဲများဖြစ်ပေါ် စေရန်နှင့် ဘဏ်စနစ်ကိုထိခိုက်စေရန်အတွက် မိမိတို့နိုင်ငံ အပေါ်ပိတ်ဆို့မှုများလုပ်ဆောင်ခဲ့ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နိုင်ငံခြားငွေရရှိရေးပြည်ပသို့ ပို့ကုန်(Export)တိုးမြှင့်နိုင်ရန်လိုကြောင်း၊ ထို့သို့ဆောင်ရွက်နိုင်ရန် ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးတက် အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြောဆိုသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် တိုက်ရိုက်ငွေပေးချေမှုများကို ဆောင်ရွက်ခဲ့ရာ အကျိုးဖြစ်ထွန်းမှု ရှိသည်ကိုတွေ့ရကြောင်း၊ Border Trade ကို အားပေးဆောင်ရွက်သကဲ့သို့ Normal Trade များတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ငွေကြေး လည်ပတ်မှုများ ကောင်းမွန်စေရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် အကျိုးအမြတ်များနည်းပါးသော်လည်း ဆောင် ရွက်ရန်လိုအပ်သည့် လုပ်ငန်းများအားလုံးလည်ပတ်စေရေး တာဝန်ရှိသူများအနေဖြင့် တိုက်တွန်းဆောင်ရွက် ကြစေလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ယခုအချိန်တွင် Export လုပ်ကိုင်သူများက အနစ်နာခံ၍ ဆောင် ရွက်နေသော်လည်း Import သမားများကသာ အကျိုးခံစားနေရသည်ဆိုသည့် တင်ပြချက်များရှိကြောင်း၊ အဆိုပါကိစ္စရပ်များကိုလည်း တတ်နိုင်သမျှ ဖြေလျှော့ပေးရန် ကြိုးပမ်းနေကြောင်း၊ Non -Trade Income များပိုမိုရရှိအောင် ကြိုးပမ်းနိုင်မည်ဆိုပါက ကုန်သွယ် မှုအပေါ်မီခိုမှုကို လျှော့ချနိုင်မည်ဖြစ်၍ တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ ကုန်ထုတ်လုပ်မှု အားနည်းချက်မှာ သွင်းအားစုများဈေးကြီးမြင့်ခြင်းကြောင့်ဟု အချို့က သုံးသပ်ကြသော်လည်းအဓိကအားဖြင့် အကျိုးအမြတ်ရရှိမှုအပေါ်မူတည်၍ ကုန်ထုတ်လုပ်ငန်းအပေါ် စိတ်ဝင်စားမှုအားနည်းသည်ကိုတွေ့ရကြောင်း၊ အကျိုးအမြတ်နည်းသော်လည်း များများထုတ်လုပ်၊ များများ လည်ပတ်နိုင်ပါက အကျိုးရှိမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။
#PeopleMedia