ယူကရိန်းကိုထောက်ပံ့ပေးနေတဲ့ အကူအညီတွေ သက်တမ်းကုန်ဆုံးခါနီးပြီလို့ အိမ်ဖြူတော် သတိပေး
PUBLISHED - December 19, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉
ယူကရိန်းနိုင်ငံကို နောက်ထပ်အကူအညီတွေ ထပ်မံထောက်ပံ့ပေးဖို့အတွက် ကွန်ဂရက်လွှတ်တော်က ဆုံးဖြတ် ချက်မပေးခင်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အခုနှစ်အတွင်း ယူကရိန်းကို အကူအညီတစ်ကြိမ်/နှစ်ကြိမ် လောက်သာ ပေးနိုင်တော့မှာဖြစ်ကြောင်း အိမ်ဖြူတော်က တနင်္လာနေ့ (ဒီဇင်ဘာလ ၁၈ ရက်နေ့) က သတိပေး ပြောကြားလိုက်ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့တဲ့အချိန်ကစပြီး ယူကရိန်း နိုင်ငံအတွက် ဒေါ်လာ ၄၃ ဘီလျံကျော်တန်ကြေးရှိတဲ့ စစ်ရေးအကူအညီတွေ ပေးသွားမှာဖြစ်ကြောင်း အမေရိ ကန်အစိုးရက ကတိပြုခဲ့ပါတယ်။
ဒါပေမဲ့ ဂျိုးဘိုင်ဒန်အစိုးရဟာ နယ်စပ်လုံခြုံရေးလို ပြည်တွင်းပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရမယ့်အစား ယူ ကရိန်းထောက်ပံ့ရေးကိုပဲ ဦးစားပေးဆောင်ရွက်နေတယ်လို့ ပြောဆိုနေကြတဲ့ ကွန်ဂရက်လွှတ်တော်ထဲက အမေရိကန်ရီပတ်ဘလီကန်အမတ်တွေက နောက်ထပ်အဆိုပြုရန်ပုံငွေအားလုံးနီးပါးကို ပယ်ချခဲ့ပါတယ်။
“ကျွန်တော်တို့ ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အခွင့်အာဏာ မကုန်ဆုံးခင်အထိ ယူကရိန်းကိုကူညီဖို့ နောက်ထပ် တစ်ကြိမ်/နှစ်ကြိမ်စာလောက်သာ ရှိပါတော့တယ်။” လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာ ဘီက သတင်းထောက်တွေကို ပြောပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်က ၎င်းတို့စစ်လက်နက်ပစ္စည်းတွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် ကွန်ဂရက်လွှတ်တော် ရဲ့ ခွင့်ပြုချက်လိုအပ်တဲ့စနစ်ကို ရည်ညွှန်းကိုးကားပြီး ဂျွန်ကာဘီက ပြောဆိုလိုက်တာဖြစ်ပါတယ်။
မကြာသေးခင်က ကွန်ဂရက်လွှတ်တော်က ခွင့်ပြုခဲ့တဲ့ ကာကွယ်ရေးအသုံးစရိတ်ထဲမှာ ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ဖို့လည်းပါဝင်ပါတယ်။
ဒါပေမဲ့ အဲဒီပမာဏဟာ အိမ်ဖြူတော်က ယူကရိန်းအတွက် ရရှိအောင်ကြိုးပမ်းနေတဲ့ ဒေါ်လာ ၆၁ ဘီလျံထဲက တစ်ရာခိုင်နှုန်းရဲ့တစ်ဝက် (ဝ.၅%) သာရှိတယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ အမေရိကန်လက်နက်တိုက်တွေထဲကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ယူကရိန်းကိုပို့ဆောင်ပေးလိုက်တဲ့ စစ်လက်နက်ပစ္စည်းတွေကို ပြန်လည်အစားထိုးဖို့အတွက် ကျန်ရှိနေတဲ့ ဘတ်ဂျက်တွေကို ခွဲဝေသုံးစွဲဖို့ စီစဉ် ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်နဲ့ ဘဏ္ဍာရေးအကြံပေးအရာရှိချုပ် မိုက်ကယ်လ်မက်ကော့ဒ် က လွှတ်တော်အမတ်တွေကို စာရေးသားတင်ပြခဲ့ကြောင်း ဂျွန်ကာဘီက ပြောပါတယ်။
ဂျွန်ကာဘီက ကူညီမယ့်တန်ဖိုးကို ထုတ်ဖော်ပြောကြားခြင်း မရှိပေမဲ့ ၂၀၂၃ ခုနှစ်အတွက် နောက်ဆုံးအကူ အညီကို အခုလနှောင်းပိုင်းမှာ ပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ယူကရိန်းနဲ့ အစ္စရေးကို အကူအညီတွေ ပိုမိုပေးနိုင်ရေး အပေးအယူသဘောနဲ့ တရားမဝင်ကျူးကျော် ဝင် ရောက်လာသူတွေကို ပိတ်ဆို့ဟန့်တားဖို့ နည်းလမ်းတစ်ရပ်အဖြစ် မက္ကဆီကိုနဲ့ ထိစပ်နေတဲ့ အမေရိကန်နယ်စပ် တစ်လျှောက် ပြင်းထန်တဲ့မူဝါဒတွေချမှတ်ဖို့အတွက် ရီပတ်ဘီကန်အမတ်တွေဟာ ဒီမိုကရက်တွေ၊ အိမ်ဖြူတော် အစိုးရနဲ့ စေ့စပ်ညှိနှိုင်းနေပါတယ်။
Ref: US Aid to Ukraine on Verge of Expiring, White House Warns
#PeopleMedia