ယူကရိန်းကို လက်နက်တိုက်ရိုက်ထောက်ပံ့ဖို့ ထည့်သွင်းစဉ်းစားထားကြောင်း တောင်ကိုရီးယားသမ္မတပြော
PUBLISHED - November 8, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၈
လက်နက်တင်ပို့တဲ့နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံက ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ တိုက်ရိုက် ထောက်ပံ့ကူညီဖို့ကိစ္စကို ထည့်သွင်းစဉ်းစားထားခြင်းရှိကြောင်း သမ္မတယုန်ဆောက်ယုန်က ကြာသပတေးနေ့ (နိုဝင်ဘာ ၇ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး ၎င်းအနေနဲ့ ရွေးကောက်ခံထားရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ဖုန်းလိုင်းကတစ်ဆင့် ဆွေးနွေးပြီးဖြစ်ပြီး မကြာခင်အချိန်အတွင်းမှာပဲ မြေပြင်မှာ လူကိုယ်တိုင်တွေ့ဆုံဆွေးနွေး သွားကြမှာဖြစ်ကြောင်း သမ္မတယုန်က ပြောပါတယ်။
စစ်မက်ဖြစ်ပွားနေတဲ့နိုင်ငံတွေကို စစ်လက်နက်ပစ္စည်းတိုက်ရိုက်ထောက်ပံ့ထာမျိုးမလုပ်တဲ့ မူဝါဒကို တောင်ကို ရီးယားနိုင်ငံက ကာလရှည်ကိုင်စွဲထားပေမဲ့ ယူကရိန်းကို ရုရှားဘက်က ကူညီတိုက်ခိုက်ဖို့ မြောက်ကိုရီးယားတပ် ဖွဲ့တွေ ရုရှားနိုင်ငံမှာ တပ်ဖြန့်ချထားပြီးနောက်မှာ အဲဒီမူဝါဒကို ပြင်ဆင်မယ့် အရိပ်လက္ခဏာတွေ့လာရပါတယ်။
“လက်ရှိအချိန်မှာတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ပါဝင်ပတ်သက်မှုအဆင့်ပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ ထောက် ပံ့ရေးမဟာဗျူဟာကို အဆင့်လိုက် တဖြည်းဖြည်း ပြန်လည်ပြင်ဆင်ညှိနှိုင်းသွားမှာဖြစ်ပါတယ်။” လို့ သမ္မတယုန်က ဆိုးလ်မြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒါက စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ဖို့ ဖြစ်လာနိုင်ခြေတွေကို ထည့်သွင်းစဉ်းစားထားတယ်ဆိုတဲ့ အဓိပ္ပါယ် ပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာာ ယူကရိန်းနိုင်ငံမှာ ဆင်နွှဲနေတဲ့ ရုရှားကျူးကျော်စစ်ကို အသံအကျယ်ဆုံးထောက်ခံ နေတဲ့ နိုင်ငံတွေထဲက နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
မြောက်ကိုရီးယားက ရုရှားနိုင်ငံကို အမြောက်ကျည်တွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့နေကြောင်း တောင်ကိုရီးယား နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားတာ ကြာပြီဖြစ်ပါတယ်။
ထောက်လှမ်းရေးသတင်းတွေပေါ် အခြေခံပြီး နောက်ဆုံးစွပ်စွဲထားတဲ့ အချက်ကတော့ မြောက်ကိုရီးယားတပ်ဖွဲ့ ဝင် ၁၀,၀၀၀ ဝန်းကျင် ရုရှားနိုင်ငံမှာ ရောက်ရှိတပ်စွဲထားတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးဆောင်ရွက်ချက်နဲ့ပတ်သက်တဲ့ ကိစ္စတွေကို စောင့်ကြည့်လေ့လာနေကြောင်း၊ ယူကရိန်းကို လက်နက်ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ရင်လည်း အဲဒီ လက်နက်တွေဟာ ခုခံကာကွယ်ရေးအတွက်လက်နက်တွေဖြစ်မှာဖြစ်ကြောင်း ယုန်က ပြောပါတယ်။
“လက်နက်ထောက်ပံ့မယ်ဆိုရင်လည်း ပထမဦးဆုံး စဉ်းစားထားတာက ခုခံကာကွယ်ရေး လက်နက်တွေကိုပဲ ဦးစားပေး တင်ပို့သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: South Korea President Says ‘Not Ruling Out’ Direct Weapons to Ukraine
#PeopleMedia