ယူကရိန်းကို လက်နက်ရောင်းချဖို့ ပိတ်ပင်ထားတဲ့ကိစ္စ တောင်ကိုရီးယား ပြန်စဉ်းစားမည်
PUBLISHED - June 21, 2024
နိုင်ငံတကာ၊ ဇွန် ၂၁
ပြည်ပနိုင်ငံတွေကို စစ်လက်နက်ပစ္စည်းအဓိကတင်ပို့တဲ့ တောင်ကိုရီးယားနိုင်ငံဟာ ကာလရှည်ကျင့်သုံးခဲ့တဲ့ ယူ ကရိန်းကို လက်နက်တိုက်ရိုက်တင်ပို့မှုမူဝါဒကို ပြန်လည်စဉ်းစားသွားမှာဖြစ်ကြောင်း သမ္မတရုံးအရာရှိတစ်ဦးက ကြာသပတေးနေ့ (ဇွန်လ ၂၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့ ကာကွယ်ရေးစာချုပ်လက်မှတ်ရေးထိုးလိုက်ပြီးနောက်မှာ တောင်ကိုရီးယားက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၉ ရက်နေ့) က ပြုံယမ်းမှာရောက်ရှိနေတဲ့ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်တို့ဟာ “တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တိုက်ခိုက်ခံရရင် အပြန်အလှန်အကူအညီပေးရေး” ပါဝင် တဲ့ ကာကွယ်ရေးသဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီလို လက်မှတ်ရေးထိုးပြီး နာရီ ပိုင်းအတွင်းမှာပဲ တောင်ကိုရီးယားအစိုးရကလည်း “ယူကရိန်းကို လက်နက် တိုက်ရိုက်တင်ပို့တဲ့ကိစ္စနဲ့ ပတ် သက်ပြီး မိမိတို့ ပြန်စဉ်းစားမှာဖြစ်ကြောင်း” သမ္မတရုံးအရာရှိတစ်ဦးက သတင်း ထောက်တွေကို ပြောပါတယ်။
အမေရိကန်အစိုးရနဲ့ ယူကရိန်းအစိုးရတို့က ပြန်လည်စဉ်းစားဖို့ ပြောဆိုခဲ့ပေမဲ့ တောင်ကိုရီးယားအစိုးရဟာ စစ်ပွဲ ဖြစ်ပွားနေတဲ့ဒေသတွေအတွက် လက်နက်တွေ တိုက်ရိုက်တင်ပို့ရောင်းချခြင်းကို ပိတ်ပင်တားဆီးထားတဲ့ မူဝါဒ တစ်ရပ်ကို ကာလရှည် ဆုပ်ကိုင်ထားခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ထိပ်တန်းလက်နက်တင်ပို့တဲ့နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်လာဖို့ ရည်မှန်းထားတဲ့ တောင်ကိုရီးယားဟာ ယူကရိန်းရဲ့မဟာမိတ် ပိုလန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံတွေကို တင့်ကားတွေနဲ့ ဟောက်ဝစ်ဇာအမြောက်တွေ ရောင်းချဖို့ ဒေါ်လာဘီလျံပေါင်းများစွာတန်ကြေးရှိတဲ့ စာချုပ်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။
နိုင်ငံတစ်ခုခုတိုက်ခိုက်ခံရပြီဆိုရင် တစ်နိုင်ငံက စစ်ရေးအရ ချက်ချင်းအကူအညီပေးရေးအပါအဝင် စစ်ရေးနဲ့ စီး ပွားရေးပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ဖို့ နှစ်နိုင်ငံသဘောတူညီထားတဲ့ ရုရှား-မြောက်ကိုရီးယား သဘောတူ စာချုပ်နဲ့ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ပူပန်မိကြောင်း တောင်ကိုရီးယားက ပြောပါတယ်။
“မြောက်ကိုရီးယားရဲ့ စစ်ရေးစွမ်းရည်တွေ မြှင့်တင်ပေးဖို့အတွက် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကူအညီ ပေးတဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုမျိုးမဆို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက် တာပဲဖြစ်ပါတယ်။” လို့ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ချန်းဟိုဂျင်က သတင်းထောက်တွေကို ပြောပါ တယ်။
“လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ရုရှားကိုယ်တိုင် ချိုးဖောက်ပြီး မြောက်ကိုရီးယားကိုထောက်ပံ့ခဲ့တာဟာ တောင်ကိုရီးယားနဲ့ ရုရှားဆက်ဆံရေးကို မလွဲမသွေ ထိခိုက်စေမှာပဲဖြစ်ပါတယ်။” လို့ ချန်းက ပြောပါတယ်။
ရုရှားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ စဉ်း စားထားကြောင်း ပူတင်က ပြုံယမ်းမြို့မှာရှိနေစဉ် ပြောပါတယ်။
Ref: South Korea to ‘Reconsider’ Ban on Weapons Sales to Ukraine
#PeopleMedia