• Follow Us on
Latest News

Home ယူကရိန်းက ၂၀၂၄ ခုနှစ်အတွင်း ဒရုန်းအစင်းရေ ၁.၂ သန်း ဝယ်ယူခဲ့

ယူကရိန်းက ၂၀၂၄ ခုနှစ်အတွင်း ဒရုန်းအစင်းရေ ၁.၂ သန်း ဝယ်ယူခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄

 

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနဟာ ၂၀၂၄ ခုနှစ်အတွင်း ယူကရိန်းတပ်မတော်အတွက် မောင်းသူမဲ့လေယာဉ် ၁.၂ သန်း ထောက်ပံ့ခဲ့ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

ယူကရိန်းတပ်မတော်ဟာ လက်ရှိအချိန်မှာ FPV အသေခံဒရုန်းတွေ၊ ကင်းထောက်မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက် ခိုက်ရေးဒရုန်းတွေကို ကိုင်တွယ်အသုံးပြုနေသလို အခုလအကုန်မှာလည်း နောက်ထပ် မောင်းသူမဲ့ လေယာဉ် အစင်း ၁၀၀,၀၀၀ ထပ်မံ ပို့ဆောင်ပေးဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ခေတ်မီမောင်းသူမဲ့လေယာဉ်တွေနဲ့ ကာကွယ်ရေးအင်အားတွေ ထောက်ပံ့ပေးတာဟာ ဦးစားပေးလုပ်ငန်း အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ပေးမှုဟာ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်သလို စစ်ရေး စွမ်းရည်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ရုရှား-ယူကရိန်း စစ်ပွဲစတင်ကတည်းက ဒရုန်းတွေဟာ ယူကရိန်းတပ်မတော်အတွက် အဓိကလက်နက် ဖြစ်လာပါတယ်။

 

ယူကရိန်းတိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ အခုနှစ်အတွင်း နိုင်ငံတော်အထူးဆက်သွယ်ရေးတပ်ဖွဲ့ကတစ်ဆင့် FPV ကာမီ ကာဇေဒရုန်း ၁.၁ သန်း လက်ခံရရှိခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ညဘက်အသုံးပြုနိုင်ဖို့အတွက် ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတဲ့ ကင်းထောက်ဒရုန်း ၁၂,၀၀၀ အပါအဝင် ထောင်လိုက်တက်ဆင်းနိုင်တဲ့ ကင်းထောက်ဒရုန်း အစင်းရေ ၄၀,၀၀၀ နဲ့ Shark၊ GOR နဲ့ Furia တို့လို တောင်ပံတပ် ကင်းထောက်ဒရုန်း အစင်းရေ ၅,၀၀၀ ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

 

ယူကရိန်းလက်နက်တိုက်ထဲမှာ An-196 လို ဒရုန်းတွေအပါအဝင် တာဝေးပျံသန်းတိုက်ခိုက်နိုင်တဲ့ ဒရုန်းအစင်းရေ ၆,၀၀၀ ကျော်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

 

ဒါ့အပြင် ယူကရိန်းတပ်မတော်မှာ Nemesis၊ Bat နဲ့ Vampire တို့အပါအဝင် ပြန်လည်အသုံးပြုနိုင်တဲ့ မောင်းသူမဲ့လေ ယာဉ် အစီးရေ ၂,၀၀၀ နဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ FPV copters အစင်းရေ ၅,၀၀၀ ကိုလည်း ပိုင်ဆိုင်ထားပါတယ်။

 

စစ်သတင်းရှာဖွေစုဆောင်းခြင်း၊ ပစ်မှတ်ခြေရာခံခြင်းနဲ့ ပစ်မှတ်ကို တိုက်ခိုက်ခြင်းတို့အတွက် မောင်းသူမဲ့လေယာဉ်တွေ တည်ဆောက်ဖို့ ဘတ်ဂျက် ဒေါ်လာ ၃.၅ ဘီလျံ ခွဲဝေချထားပေးတဲ့အထဲက ဒေါ်လာ ၂.၇ ဘီလျံကို ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း သုံးစွဲခဲ့ကြောင်း ယူကရိန်းအစိုးရ အောက်တိုဘာလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

လာမယ့်နှစ်မှာ ယူကရိန်းနိုင်ငံဟာ ဒေါ်လာ ၇၈၃.၂ သန်းတန်ကြေးရှိ ဒရုန်းအစင်းရေ ၁၅၀,၀၀၀ ဝန်းကျင် ဝယ်ယူသွားဖို့ ရည်ရွယ်ထားပါတယ်။

 

Ref: Ukrainian Military Reports Acquisition of Over 1.2M Drones in 2024

 

#PeopleMedia


Share this post