ယူကရိန်းစစ်ပွဲမှာ အသုံးပြုနေတဲ့ အမေရိကန်ထုတ် Switchblade 300 အသေခံဒရုန်းတွေကို သြစတေးလျ ဝယ်ယူမည်

PUBLISHED - July 9, 2024
နိုင်ငံတကာ၊ ဇူလိုင် ၉
သြစတေးလျအစိုးရဟာ အမေရိကန် အဲရိုဗားရမန့်ကုမ္ပဏီ (AeroVironment) ထုတ် Switchblade 300 အသေခံဒရုန်းတွေ ဝယ်ယူသွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ခေတ်မီအီလက်ထရောနစ်စစ်ဆင်ရေးစနစ်တွေနဲ့ ကာကွယ်ထားတာတောင်မှ ရုရှားစစ်လက် နက်ပစ္စည်းတွေကို Switchblade 300 အသေခံဒရုန်းတွေက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် သြစတေးလျ နိုင်ငံက အခုလို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
စစ်ဆင်ရေးအမျိုးမျိုးမှာ ထိရောက်စွာစွမ်းဆောင်နိုင်ခဲ့တဲ့ ကမ္ဘာ့ဦးဆောင် အသေခံဒရုန်းတွေကို သြစတေးလျ တပ်မတော်မှာ တပ်ဆင်ပေးသွားမှာဖြစ်ကြောင်း သြစတေးလျကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီ Switchblade 300 ဒရုန်းတွေဟာ အနာဂတ်ကာလရန်သူနဲ့ရင်ဆိုင်ရာမှာလည်း သြစတေးလျတပ်မတော်ကို မဟာဗျူဟာမြောက်အားသာချက်တွေ ထိန်းသိမ်းပေးသွားမယ့် ဒရုန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့နိုင်ငံ ကြွယ်ဝချမ်းသာရေးနဲ့ လုံခြုံရေးဟာ နိုင်ငံရဲ့ထိပ်တန်းဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အမြဲ ဖြစ်နေမှာပါ။ ဒါ့ကြောင့် သြစတေးလျနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်တော်တို့ တပ်မ တော်သားတွေလိုအပ်နေတဲ့ အရေးကြီးတဲ့လက်နက်တွေ ထောက်ပံ့ပေးတာဟာ တခြားအရာတွေထက် အရေး ကြီးတဲ့လုပ်ငန်းပဲဖြစ်ပါတယ်။” လို့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဝန်ကြီး ပတ်ကော်နေးက ပြောပါတယ်။
ဝယ်ယူမယ့် Switchblade 300 အသေခံဒရုန်းအရေအတွက်နဲ့ သုံးစွဲမယ့် ဘတ်ဂျက်အကြောင်း အသေးစိတ်ကို တော့ သြစတေးလျအစိုးရက အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။
ဒါပေမဲ့ ပထမဦးဆုံးတင်ပို့မယ့် ဒရုန်းတွေကတော့ အခုနှစ် နှောင်းပိုင်းမှာပဲရောက်ရှိလာမယ်လို့ ခန့်မှန်းထား ပါတယ်။
အဲရိုဗားရမန့်ကုမ္ပဏီထုတ် Switchblade 300 အသေခံဒရုန်းဟာ ရန်သူ့၊ တင့်ကား/သံချပ်ကာယာဉ်တွေ၊ ခံတပ် စခန်းတွေကို တိုက်ခိုက်ဖျက်ဆီးနိုင်တဲ့ အငယ်စားဒရုန်းဖြစ်ပါတယ်။
ဒီအသေခံဒရုန်းကို အထိုင်စခန်းကဖြစ်စေ လှုပ်ရှားစစ်ကြောင်းကဖြစ်စေ ပစ်ခတ်နိုင်ပါတယ်။
အသံတိုးညှင်းစွာ ပျံသန်းနိုင်တဲ့ Switchblade 300 အသေခံဒရုန်းဟာ ရန်သူ့ပစ်မှတ်အနီးနားရောက်နေရင် တောင်မှ ခြေရာခံထောက်လှမ်းဖို့ခက်ခဲတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် Switchblade 300 အသေခံဒရုန်းဟာ ပစ်မှတ်ရှာဖွေပြီး သတင်းအချက်အလက်စုဆောင်းရာမှာ တိုက် ရိုက်ဗီဒီယိုမြင်ကွင်းနဲ့ GPS မြေပုံညွှန်းတွေကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
အခုအသစ်ဝယ်ယူမယ့် Switchblade 300 ဒရုန်းတွေဟာ စောင့်ကြည့်ထောက်လှမ်းတာဝန်၊ ကင်းထောက်တာ ဝန်နဲ့ တိုက်ခိုက်ရေးတာဝန်တွေထမ်းဆောင်နေတဲ့ အစင်းရေ ၇၆၀ ဝန်းကျင်ရှိတဲ့ သြစတေးရဲ့တပ်မတော်ရဲ့ မောင်းသူမဲ့လေယာဉ် လက်နက်တိုက်ကို ထပ်မံအားဖြည့်သွားမှာဖြစ်ပါတယ်။
Switchblade 300 အသေခံဒရုန်းတွေကို ယူကရိန်းစစ်ပွဲတင်မကဘဲ အီရတ်နဲ့ အာဖဂန်နစ္စတန်စစ်ပွဲတွေမှာ လည်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
Ref: Australia Buys Precision Loitering Munition Used in Ukraine
#PeopleMedia