ယူကရိန်းစစ်ပွဲအတွက် ထုတ်ယူသုံးစွဲထားတဲ့ အစ္စရေးနိုင်ငံလက်နက်တိုက်တွေထဲက ခဲယမ်းတွေကို အမေရိ ကန်က အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးသွားမည်

PUBLISHED - October 24, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၄
အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင်ဒေသကို မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန်မှာ အစ္စရေးနိုင်ငံမှာ ထားရှိတဲ့ အမေရိကန်လက်နက်တိုက်တွေထဲကို လက်နက်/ခဲယမ်းတွေ ပြန်လည်ဖြည့်တင်းပေးထားဖို့ အစ္စရေး အစိုးရရဲ့ မေတ္တာရပ်ခံချက်ကို ပင်တဂွန်စစ်ဌာနချုပ်က သဘောတူလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ ၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက အဲဒီလက်နက်တိုက်တွေထဲက လက်နက်/ခဲယမ်း တွေထုတ်ယူပြီး ယူကရိန်းကိုထောက်ပံ့နေတာဖြစ်ကြောင်း အစ္စရေးအရာရှိတွေကို ကိုးကားပြီး Axios သတင်း ဝက်ဆိုက်က ပြောပါတယ်။
ယူကရိန်းကိုထောက်ပံ့ဖို့အတွက် အမေရိကန်အစိုးရက အဲဒီလက်နက်တိုက်တွေထဲက လက်နက်/ခဲယမ်းတွေ ထုတ်ယူပို့ဆောင်ပေးနေတာကို အစောပိုင်းတုန်းက အစ္စရေးဘက်က ဘာမှကန့်ကွက်ခဲ့တာမရှိပါဘူး။ ဒါပေမဲ့ အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမတ်စ်စစ်သွေးကြွအဖွဲ့က အစ္စရေးကို အငိုက်ဖမ်းတိုက်ခိုက်လာပြီး နောက်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားပါတယ်။
အရေးပေါ်အခြေအနေဖြစ်လာခဲ့ရင် သုံးစွဲနိုင်အောင်လို့ ၁၅၅ မမ အမြောက်ကျည်ထောင်ပေါင်းများစွာ လျော့ ပါးသွားတဲ့ လက်နက်တိုက်တွေကို အစားထိုးပြန်လည်ဖြည့် တင်းပေးဖို့ အစ္စရေးအစိုးရက အမေရိကန်အစိုးရကို မေတ္တာရပ်ခံခဲ့ပါတယ်။
အဲဒီလက်နက်တိုက်ထဲက ခဲယမ်းတွေဟာ အမေရိကန်တပ်ဖွဲ့ဝင်တွေ အသုံးပြုနိုင်ရေးအတွက် အမေရိကန်နဲ့ အစ္စရေးတို့ သဘောတူညီချက်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် အစ္စရေးနိုင်ငံထဲမှာ စုပုံထားရှိတာဖြစ်ပါတယ်။
စစ်မက်ဖြစ်ပွားလာခဲ့ရင် အစ္စရေးနိုင်ငံဟာ အဲဒီလက်နက်တိုက်ထဲက လက်နက်/ခဲယမ်းတွေကို အမေရိကန် ခွင့်ပြုချက်နဲ့ အချိန်တိုအတွင်း သတင်းပို့ပြီး ထုတ်ယူသုံးစွဲနိုင်ကြောင်း အစ္စရေးအရာရှိတွေကပြောပါတယ်။
အစ္စရေးအစိုးရဟာ ၂၀၀၆ ခုနှစ်က လက်ဘနွန်နိုင်ငံနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာ တစ်ကြိမ်၊ ၂၀၁၄ ခုနှစ်က ဂါဇာ ကမ်း မြောင်ဒေသနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် အဲဒီလက်နက်တိုက်တွေထဲက ထုတ်ယူသုံးစွဲခဲ့ဖူး ပါတယ်။
လိုအပ်တဲ့ခဲယမ်းတွေကို အစ္စရေးနိုင်ငံကို လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အမေရိကန်က ပေးပို့သွားမှာဖြစ် ကြောင်း အမေရိကန်အရာရှိတစ်ဦးကို ကိုးကားပြီး Axios သတင်းဝက်ဆိုက်က ပြောပါတယ်။
အခုလို အမြောက်ကျည်တွေ အစ္စရေးကို ပြန်လည်ပို့ဆောင်ပေးတာဟာ ရုရှားတပ်တွေကို တိုက်ခိုက်နေတဲ့ ယူကရိန်းအတွက် ဘယ်လိုထိခိုက်မှုမျိုးမှ မရှိဘူးလို့ Axios က ပြောပါတယ်။ ဒါပေမဲ့ ပိုမိုကျယ်ပြန့်လာတဲ့ ဒေသတွင်းပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုကတော့ သိပ်မရှင်းလင်းဘူးလို့ ဆိုပါတယ်။
“အစ္စရေးနိုင်ငံထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ လွတ်မြောက်ရေးအတွက် ကျွန်မတို့ စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ထောက်ပံ့နေသလိုပဲ အစ္စရေးတွေ အကြမ်းဖက်ဝါဒရန်က ကိုယ့် ကိုယ်ကိုယ်ကာကွယ်နိုင်ရေး သူတို့လိုအပ်တာတွေ ထောက်ပံ့ဖို့အတွက်လည်း တိကျသေချာအောင်ဆောင်ရွက် ဖို့ သမ္မတကြီးဘိုင်ဒန်က ညွှန်ကြားထားပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံစလုံးအတွက် ဆောင်ရွက်ပေးနိုင်သလို လုပ် လည်းလုပ်နေပါတယ်။” လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် အန်းဒရီး ဝက်ဆန်ရဲ့စကားကို ကိုး ကားပြီး Axios သတင်းဝက်ဆိုက်က ပြောပါတယ်။
Ref: Pentagon to Restock Arms Depots for Israel Initially meant for Ukraine
#PeopleMedia