• Follow Us on
Latest News

Home ယူကရိန်းစစ်သည် ၁၀၀,၀၀၀ ကျော် စစ်မြေပြင်ကို စွန့်ခွာထွက်ပြေး

ယူကရိန်းစစ်သည် ၁၀၀,၀၀၀ ကျော် စစ်မြေပြင်ကို စွန့်ခွာထွက်ပြေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃

 

ယူကရိန်းစစ်သည် ၁၀၀,၀၀၀ ကျော်ဟာ စစ်မြေပြင်ကနေ စွန့်ခွာထွက်ပြေးသွားကြတဲ့အတွက် စစ်ဆင်ရေးတွေမှာ ရုရှား ဘက်က အားသာလာတဲ့အပြင် တပ်ပြေးမှုတွေကလည်း ယူကရိန်းတပ်မတော် အတွက် နောက်ထပ်ဆိုးရွားလှတဲ့စိန်ခေါ် မှုတစ်ရပ်ဖြစ်လာပါတယ်။

 

ရုရှား-ယူကရိန်းစစ်ပွဲ သုံးနှစ်မြောက်ကာလထဲဝင်ရောက်လာတဲ့အချိန်မှာ ယူကရိန်းတပ်ဖွဲ့ဝင်တချို့ဟာ လက်ရှိအချိန်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပြီး စိတ်ဓာတ်တွေကျဆင်းနေကြောင်း စစ်သတင်းရင်းမြစ်တွေက AP သတင်းဌာနကို ပြောပါတယ်။

 

စစ်သည်တချို့ဟာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အထက်အရာရှိတွေနဲ့ စကားများပြီး ၎င်းတို့တပ်စခန်း တွေကနေ စွန့်ခွာ ထွက်ပြေးသွားကြသလို တချို့စစ်သည်တွေကလည်း ဆေးခွင့်ယူပြီး ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ဆိုပါတယ်။

 

ခွဲစိတ်ကုသမှုခံယူဖို့ ဆေးခွင့်ယူခဲ့တဲ့ စစ်သည်တစ်ဦးက ၎င်းတပ်စခန်းကို ပြန်မသွားတော့ဖို့ ဆုံးဖြတ်လိုက်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဆိုပါတပ်ပြေးစစ်သည်က ပြောပါတယ်။

 

ယူကရိန်းစစ်သည်တွေကို ခြောက်လတစ်ခါ ၁၀ ရက်ခွင့်ပေးလေ့ရှိပေမဲ့ လက်ရှိအချိန်မှာ အင်အားပြုန်းတီးမှုများပြား နေတာကြောင့် အဲဒီခွင့်ကာလကို ဆိုင်းငံ့ထားတာတွေ၊ ကြန့်ကြာတာတွေ၊ ဖြတ်တောက်တာတွေ ရှိနေပါတယ်။

 

“ဘယ်လိုရှင်းပြရမလဲဆိုတော့ … စဉ်းစားကြည့်ဗျာ ရုရှားဘက်က ပစ်ခတ်မှုတွေကြားမှာ ခင်ဗျားဒီအတိုင်း ထိုင်နေရ တယ်ဆိုပါတော့။ ရုရှားတွေ အမြောက်ကျည် အတောင့် ၅၀ ပစ်တဲ့အချိန်မှာ ကျွန်တော်တို့ဘက်က အမြောက်ကျည် တစ်တောင့်ပဲ ပြန်ပစ်နိုင်တယ်။ ခင်ဗျားရဲဘော်ရဲဘက်တွေ အပိုင်းပိုင်းအစစနဲ့ အမြောက်စာဖြစ်သွားတာကို ခင်ဗျား ဒီ အတိုင်းထိုင်ကြည့်နေရတယ်။ ဒီလိုပဲ ခင်ဗျားလည်း အချိန်မရွေး အမြောက်စာဖြစ်သွားနိုင်တယ်ဆိုတာ သဘောပါက် မှာပါ။” လို့ ၎င်းက ပြောပါတယ်။

 

စစ်ပွဲရဲ့ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး မကျေနပ်ကြောင်းနဲ့ ဒီလိုခေါင်းဆောင်မှုမျိုးနဲ့ ဒီစစ်ပွဲကို အနိုင်တိုက်ခိုက်နိုင်မှာ မဟုတ်ကြောင်း တပ်ပြေးမှုနဲ့ စွဲချက်တင်ခံထားရတဲ့ ဆာရာဟီဟက်ဒိုင်လော့ဗ်က ပြောပါတယ်။

 

စစ်သက်ငါးနှစ်တာဝန်ထမ်းဆောင်ပြီးနောက် ဆေးဘုတ်နဲ့ထွက်ခွင့်ရအောင် ကြိုးစားနေစဉ် မိခင်တပ်ရင်းကို ပြန်လည် သတင်းမပို့တော့ဘူးလို့ ၎င်းက ပြောပါတယ်။

 

“အကန့်အသတ်မရှိတာဝန်ထမ်းဆောင်ရတယ်ဆိုတာ ထောင်ကျနေတာပဲပေါ့။ တိုင်းပြည်ကို ကာကွယ်နေတာလို့ စိတ် ဓာတ်ရေးရာအရ အကြောင်းပြဖို့ ခက်ခဲလာပါတယ်။” လု့ိ ဟက်ဒိုင်လော့ဗ်က ပြောပါတယ်။

 

ယူကရိန်းဥပဒေအရ တပ်ပြေးမှုကို ပြင်းထန်စွာတားမြစ်ပိတ်ပင်ထားပြီး ပြစ်မှုကျူးလွန်သူ စစ်မှုထမ်းကို ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်နိုင်ပါတယ်။

 

တပ်ပြေးမှုတွေ မြင့်တက်လာတာဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် စစ်မှုမထမ်းမနေရဥပဒေနဲ့ စစ်စည်းရုံးရေးမူဝါဒတွေ ကြောင့်လည်း ပါဝင်တယ်လို့ဆိုပါတယ်။

 

ယူကရိန်းနိုင်ငံမှာ တပ်ပြေးမှုတွေ ပိုမိုဖြစ်ပွားလာတဲ့အတွက် တပ်ပြေးတွေ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ သဘောတူ ရင် ပထမအကြိမ်တပ်ပြေးမှုကို အရေးမယူသလို ပြစ်မှုမှတ်တမ်းရေးသွင်းထားခြင်းမလုပ်ဖို့ လွှတ်တော်အမတ်လေးငါး ဦးက လက်ရှိအချိန်မှာ အဆိုပြုတင်ပြထားပါတယ်။

 

Ref: Over 100,000 Soldiers Have Deserted Ukrainian Army: Report

 

#PeopleMedia


Share this post