ယူကရိန်းစစ်သုံ့ပန်းတွေသယ်လာတဲ့ ရုရှားလေယာဉ်ကို အမေရိကန်ထုတ် ပက်ထရီယော့ဒုံးကျည်နဲ့ ပစ်ချခဲ့တာ ဖြစ်ကြောင်း ရုရှားသမ္မတပူတင်ပြော
PUBLISHED - February 1, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁
စစ်မြေပြင်မှာဖမ်းဆီးရရှိထားတဲ့ ယူကရိန်းစစ်သည်တွေကို တင်ဆောင်လာတဲ့ ရုရှားလေယာဉ်တစ်စင်းဟာ အမေရိကန်ထုတ် ပက်ထရီယော့ဒုံးကျည်အသုံးပြုပြီး ပစ်ချခံခဲ့ရတာဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီလ ၃၁ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ရုရှားအာဏာပိုင်တွေနဲ့ ယူကရိန်းစစ်သုံ့ပန်း ၆၅ ဦး လိုက်ပါလာတဲ့ ရုရှားပိုင် Il-76 သယ်ယူပို့ဆောင်ရေးလေ ယာဉ်တစ်စင်းဟာ ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ဒုံးကျည်နဲ့ ပစ်ချခဲ့ရပြီး ပျက်ကျသွားခဲ့တယ်လို့ဆိုပါတယ်။
“အဲဒီလေယာဉ်ဟာ အမေရိကန်ပက်ထရီယော့ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရတာ သေချာပါတယ်။ စမ်းသပ်စစ်ဆေး မှုတွေလုပ်ခဲ့ပြီးပါပြီ။” လို့ ပူတင်က ဗုဒ္ဓဟူးနေ့က ရုပ်သံအစီအစဉ်တစ်ခုမှာပြောပါတယ်။
ပူတင်ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ယူကရိန်းအစိုးရဆီကရော အမေရိကန်အစိုးရဆီကပါ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
အစောပိုင်းကတော့ ယူကရိန်းအာဏာပိုင်တွေက ရုရှားဘက်က ပြောဆိုချက်တွေကို ပြတ်ပြတ်သားသား ငြင်း ပယ်ခြင်းမရှိပေမဲ့ အဲဒီလေယာဉ်ပေါ်မှာ ယူကရိန်းစစ်သုံ့ပန်းတွေပါသွားတယ်ဆိုတဲ့ ပြောကြားချက်ကိုတော့ မေး ခွန်းထုတ်ခဲ့ကြပါတယ်။
လေယာဉ်ပျက်ကျသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာစုံစမ်းစစ်ဆေးရေးတစ်ခုဆောင်ရွက်ဖို့ ရုရှားအစိုးရ ဘက်က တောင်းဆိုနေပေမဲ့ ဘယ်နိုင်ငံတကာအဖွဲ့အစည်းကမှ ပူးပေါင်းဆောင်ရွက်လိုစိတ်မရှိဘူးလို့လည်း ပူတင်က ပြောပါတယ်။
ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးကလည်း နိုင်ငံတကာစုံစမ်းစစ်ဆေးရေးလုပ်ဖို့ တောင်းဆိုခဲ့ပေမဲ့ အဲဒီ လေယာဉ်ပျက်ကျတဲ့နယ်မြေရဲ့ လမ်းကြောင်းအားလုံးကို ရုရှားအစိုးရက ထိန်းချုပ်ထားတာမို့ စုံစမ်းစစ်ဆေး ရေးအတွက် အနှောင့်အယှက်အဟန့်အတားဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
ပက်ထရီယော့ဒုံးကျည်ဟာ လေယာဉ်တွေနဲ့ ဒုံးကျည်တွေကို ပစ်ချရာမှာအသုံးပြုနိုင်တဲ့ မြေပြင်-ဝေဟင်ပစ် ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်ဖြစ်ပါတယ်။
ယူကရိန်းအစိုးရက လပေါင်းများစွာကြာအောင် မေတ္တာရပ်ခံပြီးတဲ့နောက် ယူကရိန်းကို ပက်ထရီယော့ဒုံးကျည် တွေပို့ဆောင်ပေးဖို့ အမေရိကန်အစိုးရက ၂၀၂၂ ခုနှစ်အကုန်လောက်မှာ သဘောတူညီခဲ့တာဖြစ်ပါတယ်။
Ref: Putin Says US Patriot Missile Used to Shoot Down POW Plane
#PeopleMedia