ယူကရိန်းတပ်တွေ ရုရှားနယ်မြေ စတုရန်း ၈၀၀ ကီလိုမီတာပတ်လည်ကို ထိန်းချုပ်ထားဟုဆို
PUBLISHED - August 14, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၄
ယူကရိန်းတပ်တွေဟာ တနင်္လာနေ့ (သြဂုတ်လ ၁၂ ရက်နေ့) အထိ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသရဲ့ နယ်မြေ အနည်းဆုံး ကီလိုမီတာ ၈၀၀ (၃၀၈ မိုင်) စတုရန်းပတ်လည်ကို ထိန်းချုပ်ထားနိုင်ခဲ့ကြောင်း စစ်ပွဲလေ့လာရေး အင်စတီကျူ (ISW) က ပေးတဲ့သတင်းအချက်အလက်ကို ကိုးကားပြီး AFP သတင်းဌာနက ပြောပါတယ်။
ယူကရိန်းတပ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့က ရုရှားနယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားပိုင် ကာ့စ်ခ်ဒေသ ထဲကို အငိုက်ဖမ်း ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒေသတွင်း အခြေချကျေးရွာ နှစ်ဒါဇင်ကျော်လောက်ကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဒုတိယကမ္ဘာစစ်ပြီးကတည်းက နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခံရမှုမှာ အဆိုးရွားဆုံး တိုက်ခိုက်ခံရမှုလို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ အခြေစိုက် ISW အဖွဲ့ဟာ ရုရှား-ယူကရိန်း စစ်ပွဲနဲ့ပတ်သက်ပြီး ပုံမှန်သတင်းတွေ ကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ဒေသတွင်း ပြည်သူ ၁၂၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေစဉ်အတွင်း ယူကရိန်းတပ်တွေကို တိုက်ခိုက်မောင်းထုတ်ပစ်ဖို့ ရုရှားတပ်တွေကို သမ္မတဗလာဒီမာပူတင်က တနင်္လာနေ့က ညွှန်ကြားခဲ့ပါတယ်။
ယူကရိန်းတပ်တွေအနေနဲ့ လက်ရှိအချိန်မှာ ရုရှားနယ်မြေ ၁၀၀၀ စတုရန်းကီလိုမီတာဝန်းကျင်ကို ထိန်းချုပ် ထားနိုင်ပြီး ဆက်လက်ထိုးစစ်ဆင်တိုက်ပွဲဝင်နေတယ်လို့ ယူကရိန်းတပ်မတော်အကြီးအကဲ အိုလက်ဇန္ဒား ဆူ စကီးက သမ္မတဗလာဒီမာဇီလန်စကီးကို သတင်းပို့ထားကြောင်း တနင်္လာနေ့က ဗီဒီယိုဖိုင်တစ်ခုမှာ ဖော်ပြထား ပါတယ်။
ယူကရိန်းတပ်တွေ နယ်စပ်ဖြတ်ကျော်တိုက်ခိုက်တယ်ဆိုတာ မိမိတို့ထံက ရုရှားတပ်တွေ တိုက်ခိုက်သိမ်းယူ သွားတဲ့ ယူကရိန်းပိုင် “ဆူမီဒေသ” ကို ပြန်လည်တိုက်ခိုက်သိမ်းယူနေတာဖြစ်ပြီး ရိုးရှင်းတဲ့ လုံခြုံရေးပြဿနာ တစ်ရပ်သာဖြစ်ကြောင်း ဇီလန်စကီးက ၎င်းရဲ့ ညနေပိုင်းမိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
Ref: Ukraine Controls at Least 800 Sq Km of Russia Territory: Analysis
#PeopleMedia