ယူကရိန်းနယ်စပ်အနီး ရိုမေးနီးယားနိုင်ငံက လေကြောင်းရန်ကာကွယ်ရေးဗုံးခိုကျင်းတည်ဆောက်
PUBLISHED - September 13, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၃
ယူကရိန်းနယ်စပ်နဲ့ ထိစပ်နေတဲ့နယ်မြေက ဒေသခံတွေအတွက် လေကြောင်းရန်ကာကွယ်ရေးဗုံးခိုကျင်းတွေ စတင်တည်ဆောက်နေပြီဖြစ်ကြောင်း နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရိုမေးနီးယားနိုင်ငံက အင်္ဂါနေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) က ကြေညာလိုက်ပါတယ်။
ရိုမေးနီးယားတပ်ဖွဲ့ဝင်တွေက ရုရှားတပ်တွေအသုံးပြုတဲ့ ဒရုန်းတစ်စင်းရဲ့ အပျက်အစီးအပိုင်းအစတွေကို ယူက ရိန်းနယ်စပ်နဲ့ထိစပ်နေတဲ့ ပလူရာဒေသမှာ စနေနေ့က တွေ့ရှိခဲ့ပါတယ်။ ရုရှားနိုင်ငံက ၎င်းတို့နယ်စပ်ဒေသနဲ့ ထိစပ်နေတဲ့နေရာကို တိုက်ခိုက်လာပြီးနောက် ရိုမေးနီးယားအစိုးရဟာ အနီးကပ်စောင့်ကြည့်တဲ့အလုပ်နဲ့ လေကြောင်းလုံခြုံရေးကို ပိုမိုတိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။
ရိုမေးနီးယားတပ်ဖွဲ့ဝင် ခန့်မှန်းအင်အား ၅၀ လောက်ဟာ အင်္ဂါနေ့က ဗုံးခိုကျင်းနှစ်ခုကို စတင်တည်ဆောက်နေ ကြောင်း ရိုမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ကွန်ကရစ်ဗုံးခိုကျင်းတွေဟာ ပလူရာဒေသက ဒေသခံအရပ်သားတွေကို ကာကွယ်ဖို့ရည်ရွယ်တည်ဆောက်နေ တာဖြစ်ပြီး တည်ဆောက်ပြီးတာနဲ့ ဒေသအာဏာပိုင်တွေထံကို လွှဲပြောင်းပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ယူကရိန်းနိုင်ငံက စစ်မက်ဖြစ်ပွားနေတဲ့နေရာနဲ့ ထိစပ်နေတဲ့ အမျိုးသားနယ်မြေကာကွယ်ရေးအတွက် ဆောင် ရွက်ဖို့ အရေးပေါ်အခြေအနေ ရိုမေးနီးယားအမျိုးသားကော်မတီက ဆုံးဖြတ်ချက်ချလိုက်ပြီးနောက်မှာ အခုလို ဗုံးခိုကျင်းတွေ တည်ဆောက်တဲ့လုပ်ငန်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ ရေနီနဲ့ အစ္စမေးဆိပ်ကမ်းတွေနဲ့ ထိစပ်နေတဲ့ နယ်မြေတွေမှာနေထိုင်တဲ့ ရိုမေးနီးယားနိုင်ငံသား တွေကိုလည်း စစ်ပွဲနဲ့ ဆက်နွယ်ပြီး အန္တရာယ်အငွေ့အသက်တစ်စုံတရာရရှိခဲ့ရင် ၎င်းတို့ဖုန်းတွေကတစ်ဆင့် အချက်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ဂျုံတင်ပို့ရေးသဘောတူညီချက် ပျက်ပြားသွားပြီးနောက် ရုရှားအစိုးရဟာ ယူကရိန်းနိုင်ငံ လယ်ယာထွက်ကုန်ပြည်ပပို့ကုန်အတွက် ဆိပ်ကမ်းတွေနဲ့ အခြေခံအဆောက်အဦတွေဖြစ်တဲ့ တောင်ပိုင်း အိုဒက်ဆာနဲ့ မိုင်ကောလိဗ်ဒေသတွေကို အရှိန်မြှင့်တိုက်ခိုက်ခဲ့ပါတယ်။
စနေနေ့က ဒရုန်းအပျက်အစီးအပိုင်းအစတွေတွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး ရိုမေးနီးယားသမ္မတကလပ်စ်ရိုးဟန်နီနဲ့ နေတိုးအကြီးအကဲ ဂျန်းဆော့တန်းဘာ့ဂျ်တို့ ဆွေးနွေးခဲ့ကြပါတယ်။
“နေတိုးအဖွဲ့ဝင်နိုင်ငံကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်လုံးဝမတွေ့ရပေမဲ့ အဲဒီတိုက်ခိုက်မှုတွေဟာ မတည်မငြိမ်ဖြစ် စေတယ်။” လို့ ဆော့တန်းဘာ့ဂျ်က X လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့ပါတယ်။ ဒရုန်းအပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့တာက လုံးဝလက်မခံနိုင်တဲ့ ရိုမေးနီးယားအချုပ်အခြာအာဏာပိုင်တဲ့ လေကြောင်းပိုင်နက်ကို ချိုးဖောက်မှုဖြစ်ကြောင်း သမ္မတကလပ်စ်ရိုးဟန်နီက ပြောပါတယ်။
Ref: Romania Builds Air-Raid Shelters near Ukraine Border
#PeopleMedia