ယူကရိန်းနိုင်ငံအနီး နျူကလီးယားစစ်ရေးလေ့ကျင့်ဖို့ ရုရှားတပ်တွေကို ပူတင်ညွှန်ကြားထား
PUBLISHED - May 7, 2024
နိုင်ငံတကာ၊ မေ ၇
ယူကရိန်းနိုင်ငံအနီးမှာ တပ်စွဲထားတဲ့ ရုရှားရေတပ်နဲ့ ရုရှားတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ နျူကလီးယားစစ်ရေးလေ့ကျင့် မှုတွေပြုလုပ်ဖို့ ရုရှားသမ္မတဗလာဒီမာပူတင်က ညွှန်ကြားလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာ နေ့ (မေလ ၆ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်ပွဲစတင်ကတည်းက နျူကလီးယားခြိမ်းခြောက်မှုတွေ ပြောဆိုလာခဲ့တဲ့ ပူတင်ဟာ နျူကလီးယားစစ် ပွဲဖြစ်ပွားလာမယ့်အန္တရာယ်တွေရှိနေကြောင်း ဖေဖော်ဝါရီလက မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“စစ်ရေးလေ့ကျင့်မှုအတွင်း ကြိုတင်ပြင်ဆင်မှုနဲ့ မဟာဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယားလက်နက်တွေ အသုံးပြုရေးအတွက် လိုအပ်တဲ့အဆင့်တွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာန ကပြောပါတယ်။
နည်းဗျူဟာမြောက်နျူကလီးယားလက်နက်တွေလို့ သိထားတဲ့ မဟာဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယား လက်နက်တွေကို စစ်မြေပြင်မှာအသုံးပြုဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ပြီး ဒုံးကျည်တွေကတစ်ဆင့်ပစ် ခတ်နိုင်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုကို မကြာခင်ဆောင်ရွက်သွားမှာဖြစ်ပြီး အနောက်နိုင်ငံတချို့ရဲ့ ခြိမ်းခြောက်မှုတွေကို ရင် ဆိုင်ရာမှာ ရုရှားနိုင်ငံရဲ့ နယ်နိမိတ်ပိုင်နက်တည်တံ့ခိုင်မြဲမှုကို ကာကွယ်စောင့်ရှောက်သွားဖို့ ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
စစ်ရေးလေ့ကျင့်မှုမှာ ရုရှားတပ်မတော်က လေယာဉ်တွေနဲ့ ရေတပ်တပ်ဖွဲ့တွေပါဝင်မှာဖြစ်သလို ယူကရိန်းနယ် စပ်နဲ့ ထိစပ်နေတဲ့ တောင်ပိုင်းစစ်ခရိုင်နဲ့ သိမ်းပိုက်ထားတဲ့ ယူကရိန်းနယ်မြေထဲက ရုရှားတပ်ဖွဲ့ဝင်တွေလည်းပါ ဝင်မှာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
ပူတင်က ရုရှားနျူကလီးယားမူဝါဒအကြောင်းတွေ မကြာခဏကိုးကားပြောဆိုနေတဲ့အတွက် ယူကရိန်းစစ်ပွဲအ တွင်း ရုရှားအစိုးရရဲ့ နျူကလီးယားခြိမ်းခြောက်မှုတွေကြောင့် အနောက်နိုင်ငံ အရာရှိတွေက ပိုမို စိုးရိမ်ထိတ် လန့်နေကြပါတယ်။
ရုရှားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က နျူကလီးယားဘက်စုံစမ်းသပ်မှုပိတ်ပင်တားဆီးရေးစာချုပ် အတည်ပြုလက်မှတ် ရေးထိုးခြင်းကို စွန့်ပစ်ထားခဲ့သလို အမေရိကန်ပြည်ထောင်စုနဲ့ ချုပ်ဆိုထားတဲ့ လက်နက်လျှော့ချရေးသဘော တူစာချုပ်ကလည်း နုတ်ထွက်ခဲ့ပါတယ်။
Ref: Putin Orders Nuclear Drills with Troops near Ukraine
#PeopleMedia