• Follow Us on

Home ယူကရိန်းနို်င်ငံအတွက် ဒရုန်းအစင်းရေ ၂၅၀၀ ကျော် လတ်ဗီးယားပေးပို့မည်

ယူကရိန်းနို်င်ငံအတွက် ဒရုန်းအစင်းရေ ၂၅၀၀ ကျော် လတ်ဗီးယားပေးပို့မည်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၉

 

လတ်ဗီးယားကာကွယ်ရေးဝန်ကြီးဌာနက အခုလအတွင်း ယူကရိန်းနိုင်ငံကို စစ်သုံးဒရုန်းအစင်းရေ ၂၅၀၀ ကျော် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။

 

လာမယ့် ရက်ပိုင်းအတွင်းမှာ ယူကရိန်းနိုင်ငံအနေနဲ့ ပထမဦးဆုံးအသုတ်အဖြစ် ဒရုန်းအစင်းရေ ၃၀၀ ကို လက် ခံရရှိသွားမှာဖြစ်ကြောင်း လတ်ဗီးယားကာကွယ်ရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

 

လတ်ဗီးယားကုမ္ပဏီ ၇ ခုက ထုတ်လုပ်တဲ့ ယူရိုငွေ ၄ သန်း (ဒေါ်လာ ၄.၃၄ သန်း) တန်ကြေးရှိ စစ်လက်နက် ပစ္စည်းအကူအညီထဲမှာ စွမ်းရည်အမျိုးမျိုးှရှိတဲ့ ဒရုန်းအမျိုးအစား အမျိုးမျိုးပါဝင်ပါတယ်။

 

ဧပြီလနဲ့ မေလအတွင်း ယူရိုငွေ ၁ သန်း (ဒေါ်လာ ၁.၀၈ သန်း) တန်ကြေးရှိ ဒရုန်း ၁၃၅ စင်းကို လတ်ဗီးယားက ယူကရိန်းနိုင်ငံကို ပေးပို့ခဲ့ပြီးနောက်မှာ အခုအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

အခုအစီအစဉ်တွေဟာ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နိုင်ရေး ယူကရိန်းကိုကူညီဖို့အတွက် နိုင်ငံပေါင်း ၁၄ နိုင်ငံပူးပေါင်းဖွဲ့စည်းထားတဲ့ “ဒရုန်းညွန့်ပေါင်းစီမံချက်” ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

“ဒရုန်းညွန့်ပေါင်းအဖွဲ့က တဖြည်းဖြည်း အရှိန်ရလာပါပြီ။ လာမယ့်အကူအညီထဲမှာ လတ်ဗီးယားကုမ္ပဏီ ၇ ခု ကထုတ်လုပ်တဲ့ ဒရုန်း အစင်း ၂၅၀၀ ကျော်ကို ယူကရိန်းကို ပေးပို့သွားမှာဖြစ်ပါတယ်။” လို့ လတ်ဗီးယားကာ ကွယ်ရေးဝန်ကြီး အန်းဒရီးစပရုဒ်စ်က ပြောပါတယ်။

 

“နိုင်ငံတကာဒရုန်းညွန့်ပေါင်းအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ လက်ရှိလိုအပ်ချက်တွေနဲ့အညီ စွမ်းရည်အမျိုးမျိုးရှိတဲ့ တိုက်ခိုက်ရေးဒရုန်းတွေကို ယူကရိန်းနိုင်ငံကို ပေးပို့ဖို့ ကျွန်တော်တို့ ဆက်လက်ထုတ်လုပ်နေပါတယ်။” လို့ ၎င်း က ပြောပါတယ်။

 

“တပြိုင်တည်းမှာပဲ အနာဂတ်ကာလဒရုန်းထုတ်လုပ်မှုနဲ့ နည်းပညာတွေအတွက် ရန်ပုံငွေအများအပြားကိုလည်း ရင်းနှီးမြှုပ်နှံနေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

လတ်ဗီးယားအစိုးရဟာ အခုနှစ်အတွင်း ဒရုန်းညွန့်ပေါင်းအဖွဲ့ထဲမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ယူရိုငွေ သန်း ၂၀ (ဒေါ်လာ ၂၁ သန်း) သုံးစွဲဖို့ လျာထားရာ အဲဒီအစီအစဉ်ထဲက စစ်လက်နက်ပစ္စည်းတစ်ဝက်ကို ပြည်တွင်း ကုမ္ပဏီတွေထံက ဝယ်ယူသွားမှာဖြစ်ပါတယ်။

 

“နည်းပညာသတ်မှတ်ချက်ပြောင်းလဲမှုတွေကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရာမှာ အခွင့်အလမ်းတစ် ရပ်ထောက်ပံ့ဖို့ရော ထုတ်လုပ်မှုပမာဏ တဖြည်းဖြည်းမြှင့်တင်ဖို့အတွက် ကုမ္ပဏီတွေကို အခွင့်အလမ်းတစ်ရပ် ထောက်ပံ့ဖို့အတွက်ရော ကုမ္ပဏီလေးငါးခုမှာ ဝယ်ယူသွားမှာဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ ယူကရိန်းနိုင်ငံအတွက် ဒရုန်းတွေဝယ်ယူဖို့ ရန်ပုံငွေပမာဏကို ဒရုန်းညွန့်ပေါင်းအဖွဲ့က ယူရို ငွေ သန်း ၅၀၀ (ဒေါ်လာ ၅၄၂ သန်း) အထိ မြှင့်တင်လိုက်ပါတယ်။

 

Ref: Ukraine to Receive Over 2,500 Drones from Latvia

 

#PeopleMedia


Share this post