ယူကရိန်းရဲ့ Sea King ရဟတ်ယာဉ်တွေမှာ ခေတ်မီဒုံးကျည်တွေ တပ်ဆင်ပေးဖို့ ဗြိတိန်နဲ့ ဂျာမနီ စီစဉ်နေ

PUBLISHED - October 31, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၃၁
ဗြိတိန်နဲ့ ဂျာမနီက ယူကရိန်းရဲ့ ပင်လယ်ဘုရင်ရဟတ်ယာဉ် (Sea King helicopter) တွေအတွက် တိုက်ခိုက် ရေးစွမ်းရည်မြှင့်တင်နိုင်အောင် ခေတ်မီဒုံးကျည်တွေ ထောက်ပံ့သွားဖို့ စီစဉ်နေကြောင်း ပူးတွဲကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
“ဒါ့အပြင် ရုရှားကျူးကျော်စစ်ကို ယူကရိန်းခုခံတိုက်ခိုက်နိုင်အောင် ပူးတွဲကူညီဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ဆုံးဖြတ် ထားပြီးသားဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ တရားမျှတပြီး ငြိမ်းချမ်းရေးထိန်းသိမ်းနိုင်တဲ့ အခြေအနေကို အောင်မြင်စွာရောက်ရှိလာနိုင်အောင် ကျွန်တော်တို့ ကျွမ်းကျင်ပညာရှင်အဖွဲ့တွေနဲ့ စစ်လက်နက်ထုတ်လုပ်ရေး အဖွဲ့တွေက ပိုမိုလက်တွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“လောလောဆယ် ဂျာမနီက ထောက်ပံ့ထားတဲ့ Sea King ရဟတ်ယာဉ်တွေမှာ ခေတ်မီဒုံးကျည်စနစ်တွေ ထည့် သွင်းတပ်ဆင်သွားဖို့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။” လို့ ဖော်ပြထားပါတယ်။
ယူကရိန်းရေတပ်စွမ်းရည်မြှင့်တင်ဖို့ Sea King ရဟတ်ယာဉ်တွေအတွက် ထောက်ပံ့ပေးမယ့် ဒုံးကျည်တွေ အ ကြောင်းကိုတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိပါဘူး။
ဂျာမနီက ၎င်းတို့နိုင်ငံအတွက် အနားပေးတော့မယ့် Sea King MK41 ရဟတ်ယာဉ် ၆ စင်းကို ယူကရိန်းကို ထောက်ပံ့သွားမှာဖြစ်ကြောင်း အခုနှစ် အစောပိုင်းက ကြေညာခဲ့ပါတယ်။
Sea King MK41 ရဟတ်ယာဉ်ဟာ ရှာဖွေကယ်ဆယ်ရေးအမျိုးအစားရဟတ်ယာဉ်ဖြစ်ပြီး တိုက်ခိုက်ရေးအဖြစ် ၁၂.၇ မမ စက်သေနတ်တစ်လက်သာ တပ်ဆင်ထားပါတယ်။
အခုကြေညာချက်ထွက်ပေါ်လာပြီးနောက် Brimstone ဝေဟင်-မြေပြင်ပစ် ဒုံးကျည်တွေလို အဖျက်စွမ်းအားပိုမို ကြီးမားတဲ့ စစ်လက်နက်ပစ္စည်းတွေ တပ်ဆင်ပေးသွားနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အလေးချိန် ၆.၃ ကီလိုဂရမ် (၁၄ ပေါင်) ထိပ်ဖူးပါရှိတဲ့ နောက်ဆုံးပေါ် Brimstone ဒုံးကျည်ဟာ ကီလိုမီတာ ၄၀ (၂၅ မိုင်) ကျော်အကွာအဝေးအထိ ပစ်ခတ်နိုင်ပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်တွေက ထုတ်လုပ်ခဲ့တဲ့ Sea King ရဟတ်ယာဉ်မှာ Marte ER တာဝေးပစ် အပေါ့စား သင်္ဘောဖျက်ဒုံးကျည်တွေလည်း တပ်ဆင်နိုင်ပါတယ်။
မြေပြင်ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့အတွက် ကီလိုမီတာ ၁၀၀ (၆၂ မိုင်) ကျော် အထိ ပစ်ခတ်နိုင်တဲ့ MBDA ဒုံး ကျည်တွေကိုလည်း ဒီရဟတ်ယာဉ်မှာ တပ်ဆင်နိုင်ပါတယ်။
ဒါ့အပြင် Exocet သင်္ဘောဖျက်ဒုံးကျည်တွေကိုလည်း Sea King ရဟတ်ယာဉ်မှာ တပ်ဆင်နိုင်ပါတယ်။
Exocet ဒုံးကျည် နောက်ဆုံးထုတ် MM40 Block 3 version ဟာ ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) အကွာအဝေးက ပစ်မှတ်တွေအထိ ပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။
Sea King MK41 ရဟတ်ယာဉ်ဟာ American Sikorsky S-61 ရဟတ်ယာဉ် မူကွဲပုံစံကို လိုင်စင်ယူထုတ်လုပ် ထားတာဖြစ်ပေမဲ့ ပုံစံကွာခြားတယ်လို့ဆိုပါတယ်။
Sea King MK41 ရဟတ်ယာဉ်ကို မူလက ရေငုပ်သင်္ဘောတိုက်ဖျက်ရေးစစ်ဆင်ရေးအတွက် ရည်ရွယ်ထုတ် လုပ်ခဲ့တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ နော်ဝေလေတပ်၊ ဂျာမန်ရေတပ်နဲ့ ဘယ်လ်ဂျီယန်လေတပ်တို့အတွက် ရှာဖွေ ကယ်ဆယ်ရေးရဟတ်ယာဉ်အဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့ပါတယ်။
ဂျာမန်ရေတပ်ရဲ့ Sea King MK41 ရဟတ်ယာဉ်ဟာ ဆိုးရွားလှတဲ့ရာသီဥတုအခြေအနေအောက်မှာတောင် ဆီ ထည့်မဖြည့်ဘဲ ကီလိုမီတာ ၁၅၀၀ (၉၃၂ မိုင်) အထိ ပံျသန်းနိုင်ပါတယ်။
Ref: UK, Germany to Arm Ukraine’s Sea King Helicopters with Latest Missiles
#PeopleMedia