• Follow Us on

Home ယူကရိန်းလေတပ်စခန်းတွေကို ရုရှားတိုက်ခိုက်ခဲ့တဲ့အတွက် မကြာခင်ရောက်လာမယ့် F-16 တွေအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေ

ယူကရိန်းလေတပ်စခန်းတွေကို ရုရှားတိုက်ခိုက်ခဲ့တဲ့အတွက် မကြာခင်ရောက်လာမယ့် F-16 တွေအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေ

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၆

 

ရုရှားနိုင်ငံက မကြာသေးခင်ကပဲ ယူကရိန်းလေတပ်စခန်း ၃ ခုကို တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့တဲ့အတွက် ဟင်းလင်းပွင့်နေတဲ့ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်အောက်မှာ မကြာမီရောက်ရှိလာတော့မယ့် F-16 ဂျက်တိုက်လေယာဉ်တွေကို ဘယ်လိုကာကွယ်မလဲလို့ မေးခွန်းထုတ်ခံနေရပါတယ်။

 

နိုင်ငံရဲ့လေကြောင်းပိုင်နက်ကို ၂၀၂၄ ခုနှစ်မှာ အပြည့်အဝထိန်းချုပ်နိုင်အောင် ဦးစားပေးဆောင်ရွက်သွားမယ် လို့ ယူကရိန်းအစိုးရက ပြောကြားခဲ့ပြီး ငါးလအကြာ အခုသီတင်းပတ်ထဲမှာပဲ ရုရှားက ယူကရိန်းလေတပ်စခန်း တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

အခုသီတင်းပတ်အတွင်း စစ်စခန်း ၂ ခုကို တစ်နေရာစီခွဲပြီး တိုက်ခိုက်ခဲ့ရာ ယူကရိန်းလေယာဉ် ၆ စင်းနဲ့ ရ ဟတ်ယာဉ် ၁ စင်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြော ဆိုပြီး တိုက်ခိုက်မှုကို ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ထုတ်လွှင့်ပြသခဲ့ပါတယ်။

 

ရုရှားနယ်စပ်နဲ့ မိုင် ၉၀ ဝန်းကျင်ဝေးကွာတဲ့ ပိုလ်တာဗာဒေသက မိုင်ဂိုရော့လေတပ်စခန်းမှာရှိတဲ့ ယူကရိန်း SU-27 ဂျက်တိုက်လေယာဉ် ၅ စင်းဟာ ရုရှားတိုက်ခိုက်မှုကြောင့် လုံးဝပျက်စီးသွားတယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှေ့တန်းစစ်မျက်နှာရဲ့နောက်ဘက် မိုင် ၆၀ ဝန်းကျင်ကွာဝေးတဲ့ ဒိုဂျင်ဆီဗို လေတပ်စခန်းကို အစ်ကန်ဒါဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်ခဲ့ရာ Mi-24 ရဟတ်ယာဉ်တစ်စင်းနဲ့ Mig-29 ဂျက် တိုက်လေယာဉ်တစ်စင်း ပျက်စီးသွားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“အဓိကပြဿနာက တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ မရှိတာပဲဗျ။ အဲဒီလက်နက်မျိုးတွေ က ရုရှားဒရုန်းတွေကို ပစ်ချပြီး ယူကရိန်းကို ကာကွယ်နိုင်ပါတယ်။” စစ်ပွဲကို လေ့လာနေတဲ့ Rochan Consulting အဖွဲ့က ဒါရိုက်တာ ခွန်ရတ်မြူဇကာက ပြောပါတယ်။

 

၎င်းရဲ့ပြောစကားအရ ရုရှားတပ်တွေဟာ အချိန်နဲ့တပြေးညီစစ်သတင်းတွေထောက်လှမ်းရရှိနိုင်ဖို့နဲ့ ဒုံးကျည် ပစ်ခတ်မှုတွေအတွက် မြေပုံညွှန်းတွေရရှိဖို့ ယူကရိန်းနိုင်ငံ အတွင်းပိုင်းထဲအထိ ကင်းထောက်ဒရုန်းတွေ စေ လွှတ်ပြီး ထောက်လှမ်းနိုင်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

 

အခုသီတင်းပတ်အတွင်း ဆောင်ရွက်ခဲ့တဲ့ တိုက်ခိုက်မှုသုံးခုစလုံးကို ဒရုန်းနဲ့ရိုက်ကူးခဲ့တဲ့ ဗီဒီယိုဖိုင်တွေကို ထုတ် လွှင့်ပြသခဲ့ရာ ရုရှားဒရုန်းတွေဟာ ယူကရိန်းနိုင်ငံအတွင်းပိုင်းထဲအထိ ဝင်ရောက်ပျံသန်းနိုင်ရုံမကဘဲ ရန်သူ့တပ် တည်တွေ တိတိကျကျ ဖော်ထုတ်ပြီး ပြန်ပို့နိုင်အောင် ရန်သူသတိမပြုမိဘဲ တာရှည်ဝဲပျံနေနိုင်တာကို ထုတ်ဖော် ပြသလိုက်တာလည်းဖြစ်ပါတယ်။

 

ရုရှားတပ်တွေဟာ ရန်သူ့ပစ်မှတ်ပစ်မှတ်ရှာဖွေနိုင်တဲ့အကွာအဝေးကို မြှင့်တင်နိုင်ဖို့အတွက် ကြားခံ “အဝေး ထိန်းထပ်ဆင့်လွှင့်စက်” အဖြစ် ဒုတိယမြောက်ဒရုန်းတစ်စင်းကို အသုံးပြုခဲ့ဖွယ်ရှိကြောင်း အမည်မဖော်လိုတဲ့ ဥရောပစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။

 

ယူကရိန်းနိုင်ငံဟာ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ ပက်ထရီယော့၊ Iris-T ခေါ် SAMP/T လေကြောင်း ရန်ကာကွယ်ရေးဒုံးကျည်တွေကို အသုံးပြုပြီး ဝင်ရောက်လာတဲ့ ရုရှားဒုံးကျည်တွေကို ကာကွယ်နိုင်ခဲ့ခြင်းလည်း မရှိပါဘူး။

 

ယူကရိန်းနိုင်ငံအနေနဲ့ နိုင်ငံတွင်းမြို့ကြီးတွေကို ရုရှားဒုံးကျည်ရန်က ကာကွယ်ဖို့ လုံလောက်တဲ့ လေကြောင်း ရန်ကာကွယ်ရေးစနစ်တွေ မရှိတာကြောင့် လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ပိုမိုထောက်ပံ့ပေးဖို့ သမ္မတဗလာဒီမာဇီလန်စကီးက လပေါင်းများစွာကတည်းက ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

 

ရုရှားတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်ဖို့အတွက် ပက်ထရီယော့ဒုံးကျည် ၇ စုံထက်မနည်း လိုအပ်ကြောင်း ဇီလန်စကီးက ပြောပါတယ်။

 

“ယူကရိန်းနိုင်ငံမှာ တာဝေးပစ်ဒုံးကျည်တွေ အကန့်အသတ်နဲ့သာရှိတဲ့အတွက် ယူကရိန်းတွေအနေနဲ့ ဦးစားပေး အဆင့်အတန်း ရွေးချယ်ဖို့ လိုပါတယ်။ မြို့ကြီးတွေ၊ အရေးကြီးတဲ့အခြေခံအဆောက်အအုံတွေနဲ့ လေတပ်စခန်း တွေအားလုံးကို တပြိုင်တည်း မကာကွယ်နိုင်ပါဘူး။ ဒါ့ကြောင့် ဘယ်နေရာတွေကို ဦးစားပေးကာကွယ်ပြီး ဘယ် နေရာတွေကို ချန်ထားခဲ့မယ်ဆိုတာ သူတို့ ရွေးချယ်ရပါလိမ့်မယ်။” လို့ ခွန်ရတ်မြူဇကာက AFP ကို ပြောပါ တယ်။

 

ယူကရိန်းကိုပို့ဆောင်ပေးမယ့် F-16 ဂျက်တိုက်လေယာဉ်မှန်သမျှကို ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်ကြောင်း ရုရှားက ပြောခဲ့ပြီးဖြစ်ပါတယ်။

 

“ရုရှားတွေရဲ့ နောက်ဆုံးတိုက်ခိုက်မှုဟာ စစ်ပွဲတစ်ခုလုံးရဲ့ကစားပွဲအပြောင်းအလဲတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စိုးရိမ်ရမယ့် အချက်ပြမှုတစ်ခုတော့ဖြစ်တယ်။ ဒါဟာ တပ်ဖြန့်ချထားမယ့် F-16 ဂျက်တိုက်လေယာဉ်တွေကို တန်ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း အချက်ပြလိုက်တာဖြစ်ပါတယ်။” လို့ အီတလီပညာရှင်အဖွဲ့ Istituto Affari Internazionali က စစ်ရေးဆန်းစစ်လေ့လာသူ အလက်ဆန်ဒရိုမာရိုနီက ပြောပါတယ်။

 

“ဥရောပမှာတော့ F-16 တွေ ပို့ပေးရေးနဲ့ပတ်သက်ပြီး မျှော်လင့်ချက်တွေ မြင့်တက်နေကြတယ်။ ဒါပေမဲ့ အဲဒီ F-16 တွေ ယူကရိန်းနိုင်ငံထဲမှာ ပျံသန်းနေစဉ်မှာရော လေတပ်စခန်းတွေမှာ ရပ်နားထားချိန်မှာရော အန္တရာယ်ရှိ နိုင်တဲ့ အခြေအနေတွေကို ဆန်းစစ်လေ့လာရာမှာ ကျွန်တော်တို့ သတိပြုသင့်တာတွေရှိပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Russian Strikes Raise Concerns over Ukraine’s Imminent F-16s

 

#PeopleMedia


Share this post