ယူကရိန်းလေသူရဲတွေအတွက် F-16 မောင်းနှင်နည်းသင်တန်း အခုနှစ်အကုန်မှာ ဒိန်းမတ်နိုင်ငံရပ်တန့်မည်
PUBLISHED - June 28, 2024
နိုင်ငံတကာ၊ ဇွန်၂၈
ဒိန်းမတ်နိုင်ငံထဲမှာ ယူကရိန်း F-16 ဂျက်တိုက်လေယာဉ်မောင်းနှင်မယ့် လေသူရဲတွေကို လေ့ကျင့်သင်ကြားပေး နေတဲ့အစီအစဉ်ကို ၂၀၂၄ ခုနှစ်ကုန်ဆုံးရင် ရပ်တန့်လိုက်ဖို့အတွက် ဒိန်းမတ်အစိုးရက ဆုံးဖြတ်လိုက်ပါတယ်။
ဒိန်းမတ် ဂျက်တိုက်လေယာဉ်အုပ်ကို မကြာခင်အချိန်အတွင်း F-35 ဂျက်တိုက်လေယာဉ်တွေနဲ့ အစားထိုးသွား တော့မှာဖြစ်တဲ့အတွက် အခုလိုဆုံးဖြတ်လိုက်တာဖြစ်ကြောင်း နော်ဝေကာကွယ်ရေးဝန်ကြီးဘျူမ်းအရီးလ်ဒ်ဂရမ် နဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး ထရိုးလောင်းပေါလ်ဆန်က ပြော ပါတယ်။
အသစ်ရောက်ရှိလာမယ့် F-35 ဂျက်တိုက်လေယာဉ်တွေကို လက်ရှိအချိန်မှာ ယူကရိန်းလေသူရဲတွေကို လေ့ ကျင့်သင်ကြားပေးနေတဲ့ ဒိန်းမတ်နိုင်ငံတောင်ပိုင်းက ဗိုဂျင်စ်မြို့မှာရှိတဲ့ စကွေးစထရပ်လေတပ်စခန်းမှာ တပ် ဖြန့်ချသွားမှာ ဖြစ်ပါတယ်။
အခုနှစ်မကုန်ခင်မှာ ယူကရိန်းလေသူရဲသင်တန်းသား ၂၀ လုံး သင်တန်းပြီးမြောက်မှာဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီး ပေါလ်ဆန်က ပြောပါတယ်။ ဒါပေမဲ့ ယူကရိန်းလေသူရဲတွေ သင်တန်းတက်ရောက်နိုင်ရေးအတွက် ဒိန်းမတ်နိုင်ငံအနေနဲ့ နိုင်ငံရဲ့ပြင်ပမှာ ဆက်လက်အကူအညီပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အထောက်အကူဖြစ်စေဖို့အတွက် နော်ဝေ၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နိုင်ငံတို့နဲ့ အတူ ဒိန်းမတ်နိုင်ငံက ယူကရိန်းကို F-16 ဂျက်တိုက်လေယာဉ် ၈၅ စင်း ထောက်ပံ့သွားဖို့ ကတိပြုထားပါတယ်။
ယူကရိန်းနိုင်ငံမှာ F-16 ဂျက်တိုက်လေယာဉ်အုပ်တစ်ခုကို ကိုင်တွယ်မောင်းနှင်ဖို့ လေသူရဲလုံလုံလောက် လောက်မရှိတဲ့အတွက် အမေရိကန်နဲ့ တခြားမိတ်ဖက်နိုင်ငံတွေမှာ ယူကရိန်းလေသူရဲတွေကို F-16 တိုက် လေယာဉ်မောင်းနှင်နည်း သင်ကြားလေ့ကျင့်ပေးဖို့လိုအပ်ကြောင်း ယူကရိန်းအစိုးရက ပြောကြားခဲ့ပါတယ်။
တခြားနိုင်ငံက လေသူရဲသင်တန်းသားတွေလည်း လာရောက်သင်တန်းတက်မှာဖြစ်တဲ့အတွက် အရီဇိုးနားပြည် နယ် ထူးဆန်မြို့မှာရှိတဲ့ F-16 လေယာဉ်မောင်းသင်တန်းကျောင်းမှာ ယူကရိန်းလေသူရဲ ၁၂ ဦးကိုသာ လက်ခံ လေ့ကျင့်သင်ကြားပေးနိုင်ပါတယ်။
ယူကရိန်းလေသူရဲတွေကို လေ့ကျင့်သင်ကြားပေးနေတဲ့ တခြားနိုင်ငံတွေထဲမှာ စီမံချက်ကနဦးပိုင်း ပြင်ဆင်ရာ မှာ ယူကရိန်းလေသူရဲ ၈ ဦးကို ရွေးချယ်ခဲ့တဲ့ ရိုမေးနီးယားနိုင်ငံလည်းပါဝင်ပါတယ်။
Ref: Denmark to Conclude Local F-16 Training for Ukrainian Pilots
#PeopleMedia