ယူကရိန်းသိမ်းပိုက်ထားတဲ့နယ်မြေတွေကို ရုရှားအနေနဲ့ ခက်ခက်ခဲခဲ ပြန်လည်တိုက်ယူရမှာဖြစ်ကြောင်း CIA ဒုညွှန်မှူးပြော
PUBLISHED - August 29, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၉
ရုရှားသမ္မတဗလာဒီမာပူတင်အနေနဲ့ ယူကရိန်းတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ ကာ့စ်ခ်ဒေသက နယ်မြေတွေကို ပြန် လည်သိမ်းပိုက်ဖို့ တန်ပြန်ထိုးစစ်ကြီးတစ်ခု စတင်ဆောင်ရွက်မှာဖြစ်ပေမဲ့ ရုရှားတပ်တွေဟာ ခက်ခက်ခဲခဲ တိုက် ခိုက်ရမှာဖြစ်ကြောင်း CIA ဒုတိယညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟန်းက ဗုဒ္ဓဟူးနေ့ (သြဂုတ် ၂၈ ရက်နေ့) ကပြော ကြားလိုက်ပါတယ်။
ယူကရိန်းတပ်တွေဟာ ရုရှားပြည်နယ်ထဲက စတုရန်းမိုင် ၃၀၀ (၇၇၇ စတုရန်းကီလိုမီတာ) ဝန်းကျင်ကို သိမ်း ပိုက်ထားနိုင်ဆဲဖြစ်တာကို တွေ့ရကြောင်း အမျိုးသားလုံခြုံရေးအစည်းအဝေးတစ်ခုမှာ ကိုဟန်းက ပြောပါတယ်။
ယူကရိန်းတပ်တွေဟာ ရုရှားရဲ့ အနောက်ပိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး ရုရှားပိုင် ကာ့စ်ခ်ဒေသထဲကို အငိုက်ဖမ်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အခုအချိန်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ယူကရိန်းအစိုးရက ၎င်းတို့ထိန်းချုပ်ထားတဲ့နယ်မြေတွေကို သိမ်းပိုက်ဖို့ရည်ရွယ်ချက် လုံးဝမရှိကြောင်း ပြောပေ မဲ့ ယူကရိန်းတပ်တွေက ခံစစ်လိုင်းတွေ တည်ဆောက်နေတဲ့အတွက် အဲဒီနယ်မြေတချို့ကို အချိန်အတိုင်း အ တာတစ်ခုအထိ ထိန်းချုပ်ထားဖို့ ရည်ရွယ်ထားပုံရကြောင်း ကိုဟန်းက ထောက်လှမ်းရေးနဲ့ အမျိုးသားလုံခြုံရေး အစည်းအဝေးမှာ ပြောပါတယ်။
“နယ်မြေတွေ ပြန်ရဖို့အတွက် ပူတင်အနေနဲ့ တန်ပြန်ထိုးစစ်ကြီးတစ်ခု စီစဉ်လိမ့်မယ်ဆိုတာ ကျွန်တော်တို့ ကျိန်း သေပြောနိုင်ပါတယ်။ ဒါပေမဲ့ ရုရှားတပ်တွေ ခက်ခက်ခဲခဲ ပြန်တိုက်ယူရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါ တယ်။” လို့ ၎င်းက ပြောပါတယ်။
“ပူတင်ဟာ လက်ရှိအချိန်မှာ ရုရှားပိုင်နက်ထဲကို ရှေ့တန်းစစ်မျက်နှာရောက်ရှိလာတာကို လက်ခံရင်ဆိုင်ရုံမက ရုရှားနယ်မြေအစိတ်အပိုင်းတချို့ ဆုံးရှုံးသွားတာနဲ့ ပတ်သက်ပြီး ရုရှားလူထုဆီက တုံ့ပြန်မှုတွေကိုလည်း ကိုင် တွယ်ဖြေရှင်းရတော့မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ကာ့စ်ခ်ဒေသထဲမှာ ရုရှားတွေရတဲ့ အောင်မြင်မှုဟာ စစ်ပွဲစွမ်းအားပြောင်းလဲမှုကို မဆိုစလောက်ကလေးသာ ခရီးရောက်စေနိုင်တဲ့ အခြေအနေမျိုးရှိကြောင်း ကိုဟန်းက ပြောပေမဲ့ အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိ ပါဘူး။
ရုရှားတပ်တွေက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒွန်းညှက်ဒေသကို တစ်လက်မချင်း ဆက်လက်ချီတက် တိုက်ခိုက် နေစဉ်အတွင်းမှာ ရုရှားပိုင် ကာ့စ်ခ်ဒေသအတွင်း မြို့ရွာ ၁၀၀ နီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ကြောင်း ယူ ကရိန်းအစိုးရက ပြောပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အဲဒီလို တစ်လက်မချင်း သိမ်းပိုက်နိုင်ဖို့အတွက် မျှော်လင့်မ ထားတဲ့ဆုံးရှုံးမှုတွေကို ပေးနေရပြီး ယူကရိန်းရဲ့ လော်ဂျစ်စတစ်ဗဟိုချက်မမြို့ဖြစ်တဲ့ ပေါကရော့ဗ်စ်ကို သိမ်း ပိုက်နိုင်ဖို့ဆိုတာ သိပ်မသေချာဘူးလို့ ကိုဟန်းက ပြောပါတယ်။
ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲဟာ နောက်ဆုံး ဆွေးနွေးညှိနှိုင်းမှုနဲ့ အဆုံးသတ်ရမှာဖြစ်ပေမဲ့ ယူကရိန်းအစိုးရအနေနဲ့ ခိုင်ခိုင်မာမာရပ်တည်ထားနိုင်ရမှာဖြစ်သလို ငြိမ်းချမ်းရေးအစီအစဉ်ကိုလည်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ သမ္မတလောင်းကမ်မလာဟားရစ်၊ သမ္မတလောင်းဒေါ်နယ်ထရမ့်တို့ကို တင်ပြသွားမှာဖြစ်ကြောင်း အင်္ဂါနေ့က ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းအနေနဲ့ ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားသိမ်းပိုက်ထားတဲ့နယ်မြေတွေကို ရုရှားလက်ထဲမှာ ထားခဲ့ရမှာ ဖြစ်တဲ့ “တကယ့်မြေပြင်အခြေအနေမှန်” ကို လက်ခံမှသာ ဆွေးနွေးညှိနှိုင်းလို့ရမှာဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။
ယူကရိန်းကလည်း (သိမ်းပိုက်ထားတဲ့နေရာ ရယူကြေးဆိုရင်) ၎င်းတို့အနေနဲ့ ကာ့စ်ခ်ဒေသရဲ့ စတုရန်းကီလိုမီ တာ ၁,၂၀၀ ကျော် (စတုရန်းမိုင် ၄၆၃ မိုင် ကျော်) ကို ထိန်းချုပ်ထားနိုင်ကြောင်း ပြောပါတယ်။
Ref: Russia Faces ‘Difficult Fight’ to Retake Ukraine-Held Area, Says Top US Spy
#PeopleMedia