ယူကရိန်းအတွက်ပေးပို့မယ့် တာဝေးပစ် တောရပ်စ်ဒုံးကျည်ကို နည်းပညာပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဂျာမနီစဉ်းစားနေ
PUBLISHED - August 16, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၆
ဂျာမန်အစိုးရအနေနဲ့ ၎င်းတို့ရဲ့ တောရပ်စ် (Taurus) ဒုံးကျည်တွေကို ယူကရိန်းကို မပို့ခင် နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲဆောင်ရွက်ဖို့ စဉ်းစားနေကြောင်း ဂျာမန်မီဒီယာ Der Spiegel က ရေး သားဖော်ပြလိုက်ပါ တယ်။
ရုရှားတပ်တွေကို တိုက်ခိုက်ဖို့အတွက် တိုက်ခိုက်ရေးစွမ်းရည်ကောင်းလှပြီး ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) ကျော် အထိ ပစ်ခတ်နိုင်တဲ့ ခရုစ်ဒုံးကျည်တွေကို ပို့ပေးဖို့ ယူကရိန်းအစိုးရက ဂျာမန်အစိုးရကို တောက်လျှောက်မေတ္တာ ရပ်ခံတောင်းဆိုခဲ့ပါတယ်။
ယူကရိန်းအနေနဲ့ အဲဒီဒုံးကျည်တွေအသုံးပြုပြီး ရုရှားပိုင်နက်အတွင်းပိုင်းအထိ တိုက်ခိုက်ခဲ့လို့ စစ်ပွဲပဋိပက္ခ ပိုမို ကြီးထွားလာမှာကို စိုးရိမ်တဲ့အတွက် အဲဒီဒုံးကျည်တွေပေးပို့ဖို့ ချီတုံချတုံဖြစ်နေကြောင်း ဂျာမန်အစိုးရက ပြော ကြားခဲ့ပြီးဖြစ်ပါတယ်။
“ဂျာမန်အစိုးရက အမြောက်ကြီးတွေ၊ သံချပ်ကာယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ပို့ပေးဖို့ အဓိကအာရုံစိုက်ဆောင်ရွက်နေပါတယ်။ တောရပ်စ်ဒုံးကျည်တွေပို့ပေးဖို့အတွက်တော့ ဘာသတင်းမှမကြားရ သေးပါဘူး။” လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနကိုပြောပါတယ်။
ဒီကနေ့အချိန်အထိ ခရုစ်ဒုံးကျည်တွေပေးပို့မယ့်ကိစ္စကို ပြတ်ပြတ်သားသားပြောကြားခြင်းမရှိပေမဲ့လည်း အဲဒီ ဒုံးကျည်တွေကို နည်းပညာပိုင်းဆိုင်ရာကန့်သတ်ချက်တွေထည့်သွင်းပေးဖို့ ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒုံးကျည်ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
နည်းပညာပြုပြင်ပြောင်းလဲမှုတွေမှာ တောရပ်စ်ဒုံးကျည်တွေရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးကို လျှော့ချထားဖို့ ပါ ဝင်သလို ရုရှားတပ်တွေ အဲဒီဒုံးကျည်တွေသိမ်းပိုက်သွားမိတဲ့အချိန်မှာ အဓိကနည်းပညာအစိတ်အပိုင်းတွေကို ရ ရှိမသွားဖို့ ကာကွယ်ထားနိုင်ရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
တောရပ်စ် (Taurus KEPD-350) ဒုံးကျည်ဟာ ဂျာမန်ထုတ်စစ်လက်နက်ပစ္စည်းတွေထဲမှာ ခေတ်အမီဆုံး စစ် လက်နက်ပစ္စည်းအဖြစ် သတ်မှတ်ထားပါတယ်။
တခြားတာဝေးပစ်ဒုံးကျည်တွေနဲ့ နှိုင်းယှဉ်ရင် ဒီဒုံးကျည်ဟာ တစ်နာရီကို ၁၁၇၀ ကီလိုမီတာ (၇၂၇ မိုင်) နှုန်းနဲ့ ပျံသန်းနိုင်တဲ့အတွက် အသံရဲ့အမြန်နှုန်းနီးပါး ပျံသန်းနိုင်တဲ့ဒုံးကျည်ဖြစ်ပါတယ်။
ဒါ့အပြင် တောရပ်စ်ဒုံးကျည်ဟာ မြေပြင်အထက် ၃၅ မီတာ (၁၁၄ ပေ) ကနေ ပျံသန်းနိုင်တဲ့အတွက် ရန်သူ့ရေဒါ က ခြေရာခံဖို့ မဖြစ်နိုင်လောက်တဲ့အထိ ခက်ခဲတယ်လို့ ဆိုပါတယ်။
ဒီဒုံးကျည်တွေကို ရန်သူ့တန်ဖိုးမြင့်ပစ်မှတ်တွေဖြစ်တဲ့ ဘန်ကာတွေနဲ့ ခဲယမ်းဂိုဒေါင်တွေကို ပစ်မှတ်ထားတိုက် ခိုက်ရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
တောရပ်စ်ဒုံးကျည်တွေရဲ့ပစ်ခတ်နိုင်တဲ့အကွာအဝေးနဲ့ ထိရောက်မှုကြောင့် အဲဒီဒုံးကျည်တွေဟာ ယူကရိန်းနိုင်ငံ အတွက် အသက်တမျှအရေးကြီးကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးရဲ့ ထိပ်တန်းအကူအရာရှိဖြစ် သူ မီခေးလ်လိုပိုးဒိုလျက်က ပြောပါတယ်။
ဂျာမန်အစိုးရမှာ တောရပ်စ်ဒုံးကျည်အစင်းရေ ၆၀၀ အထိ ရှိနေပြီး အဲဒီအထဲက အစင်းရေ ၁၅၀ ဟာ တိုက်ပွဲဝင် အသုံးပြုဖို့ အသင့်အနေအထားမှာရှိနေတယ်လို့ ဆိုပါတယ်။
Ref: Germany Mulls Modifying Long-Range Taurus Missiles for Ukraine
#PeopleMedia