ယူကရိန်းအတွက် ဒရုန်းအစင်းရေ ၃၀,၀၀၀ ပေးပို့သွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရပြော
PUBLISHED - January 11, 2025
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁
ဗြိတိန်နဲ့ လတ်ဗီးယားနိုင်ငံတို့ ဦးဆောင်တဲ့ ယူကရိန်းနိုင်ငံအတွက် မောင်းသူမဲ့လေယာဉ်ထောက်ပံ့ရေး နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့က ယူကရိန်းနိုင်ငံကို ဒရုန်းအသစ် အစင်း ၃၀၀၀၀ ပေးပို့သွားမှာဖြစ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးှ ဌာနက ဇန်နဝါရီ ၉ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ယူကရိန်းကို ထောက်ပံ့ဖို့ ၂၀၂၄ ခုနှစ် အစောပိုင်းက ဖွဲ့စည်းထားတဲ့ အဆိုပါ ဒရုန်းညွန့်ပေါင်းအဖွဲ့ဟာ ဒေါ်လာ ၅၅ သန်း တန်ကြေးရှိတဲ့ ဒရုန်းတွေကို မှာယူထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။
ဒရုန်းတွေ ပေးပို့မယ့် အချိန်အတိအကျကိုတော့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ညွန့်ပေါင်းအဖွဲ့ကတစ်ဆင့် မောင်းသူမဲ့လေယာဉ် အစင်း ၃၀,၀၀၀ ထောက်ပံ့မယ့်အစီအစဉ်အတွက် ရန်ပုံငွေကိုတော့ ဗြိတိန်၊ ဒိန်းမတ်၊ နယ်သာလန်၊ လတ်ဗီးယားနဲ့ ဆွီဒင်နိုင်ငံတို့က ထောက်ပံ့တာဖြစ်ပါတယ်။
ယူကရိန်းမဟာမိတ်နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဂျာမနီနိုင်ငံ Ramstein လေတပ်စခန်းကို သွားရောက်စဉ် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟီလေးက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“ယူကရိန်းပြည်သူတွေရဲ့ အားကောင်းပြင်းထန်လှတဲ့သတ္တိဟာ ကမ္ဘာ့ပြည်သူတွေကို ဆက်လက်လှုံ့ဆော်သွား မှာဖြစ်ပါတယ်။” လို့ ဂျွန်ဟီလေးက ပြောပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းက ယူကရိန်းနိုင်ငံအတွက် မယိမ်းမယိုင် ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်တယ်ဆိုတာကို နိုင်ငံပေါင်း ၅၀ ကျော်ပါဝင်တဲ့ ဒီအစည်းအဝေးက ရုရှားသမ္မတပူတင်ကို ရှင်းရှင်းလင်းလင်း အကြောင်းကြားလိုက်တာ ပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အခုနောက်ဆုံးပို့မယ့် ခေတ်အမီဆုံး FPV ဒရုန်းတွေဟာ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်ခိုက်ရာမှာ ယူကရိန်း နိုင်ငံအတွက် အထောက်အကူပြုသွားမှာဖြစ်ကြောင်း ဗြိတိန်အစိုးရက ပြောပါတယ်။
ဒီဒရုန်းတွေဟာ ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို ကျော်လွှားပြီး ရန်သူ့တပ်စခန်းတွေနဲ့ သံချပ်ကာ ယာဉ်တွေကို တိုက်ခိုက်ဖျက်စွမ်းသွားမယ့် ဒရုန်းတွေဖြစ်ကြောင်း ဗြိတိန်က ပြောပါတယ်။
Ref: UK Announces Coalition Will Send Ukraine 30,000 New Drones
#PeopleMedia