• Follow Us on

Home ယူကရိန်းအတွက် အမြောက်ကျည် ၈၀၀,၀၀၀ ဝယ်ယူမယ့် ချက်နိုင်ငံရဲ့အစီအစဉ်မှာ ကနေဒါ ပါဝင်မည်

ယူကရိန်းအတွက် အမြောက်ကျည် ၈၀၀,၀၀၀ ဝယ်ယူမယ့် ချက်နိုင်ငံရဲ့အစီအစဉ်မှာ ကနေဒါ ပါဝင်မည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄

 

ယူကရိန်းနိုင်ငံကိုထောက်ပံ့ဖို့ အရေးပေါ် အမြောက်ကျည်တွေဝယ်ယူရေးမှာ ပါဝင်ဆောင်ရွက်ဖို့အတွက် ကနေဒါနိုင်ငံက ချက်သမ္မတနိုင်ငံနဲ့ သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

အသေးစိတ်အချက်အလက်တွေကို တွက်ချက်နေတုန်းဖြစ်ပေမဲ့ ကနေဒါအစိုးရဟာ ချက်နိုင်ငံကဆောင်ရွက် နေတဲ့အစီအစဉ်အတွက် ကနေဒါ ဒေါ်လာ သန်း ၃၀ (ဒေါ်လာ ၂၂ သန်း) ထည့်ဝင်ကူညီနိုင်ကြောင်း သတင်း ရင်းမြစ်တွေကိုကိုးကားပြီး CBC News က ပြောပါတယ်။

 

ချက်သမ္မတနိုင်ငံအနေနဲ့ ၁၅၅ မမ အမြောက်ကျည် ၅၀၀,၀၀၀ အပါအဝင် အမြောက်ကျည် ၈၀၀,၀၀၀ ဝယ်ယူ သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

 

ချက်သမ္မတပီတာပါဗယ်လ်က ပြီးခဲ့တဲ့သီတင်းပတ်က မြူးနစ်လုံခြုံရေးအစည်းအဝေးမှာ ဒီအစီအစဉ်ကို အဆိုပြု ခဲ့တာဖြစ်ပြီး ရန်ပုံငွေရရှိရေးအတွက် ဝိုင်းဝန်းကူညီကြဖို့လည်း မိတ်ဖက်နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။

 

“ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုတွေကို မြှင့်တင်နေစဉ်အတွင်းမှာ ယူကရိန်းအတွက်လိုအပ်တဲ့ ခဲယမ်းတွေ ထောက်ပံ့နိုင်ဖို့အတွက် ကြိုးပမ်းနေတဲ့ ဥရောပမဟာမိတ်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ ကျွန်တော်တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။” လို့ ကနေဒါကာကွယ်ရေးဝန်ကြီး ဘီလ်ဘလဲ ရဲ့စကားကိုကိုးကားပြီး CBC News မှာ ဖော်ပြထားပါတယ်။

 

တပြိုင်တည်းမှာပဲ ပြီးခဲ့တဲ့တစ်နှစ်ခွဲအတွင်း ပြည်တွင်း ကုမ္ပဏီနှစ်ခုက အဆိုပြုလွှာတွေလက်ခံရရှိခဲ့ပြီးနောက်မှာ ကနေဒါအစိုးရဟာ ခဲယမ်းထုတ်လုပ်မှုကို မြှင့်တင်ခြင်းမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။

 

ချက်သမ္မတနိုင်ငံရဲ့အဆိုပြုချက်တွေဟာ ကနေဒါနိုင်ငံမှာ ပြည်တွင်းခဲယမ်းထုတ်လုပ်မှု ပိုမိုနှောင့်နှေးကြန့်ကြာ သွားအောင် အားဖြည့်လိုက်သလိုဖြစ်သွားမှာကို မဟာမိတ်နိုင်ငံတွေက စိုးရိမ်နေကြတယ်လို့ CBC News က ပြောပါတယ်။ နေတိုးစံကိုက် ၁၅၅ မမ အမြောက်ကျည်တွေ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် ကနေဒါနိုင်ငံဟာ ကနေဒါဒေါ်လာ သန်း ၄၀၀ (ဒေါ်လာ ၂၉၇ သန်း) ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

 

လက်ရှိအချိန်မှာ ကနေဒါနိုင်ငံဟာ ၁၅၅ မမ အမြောက်ကျည် တစ်လကို ၅၀၀၀ ဝန်းကျင်ထုတ်လုပ်နေပါတယ်။

 

“ကနေဒါနိုင်ငံမှာ ပြည်တွင်းခဲယမ်းထုတ်လုပ်မှု မြှင့်တင်ဖို့ ကျွန်တော်တို့ ဂရုတစိုက ချင့်ချိန်တွက်ချက်နေပါ တယ်။ လက်ရှိ ခဲယမ်းအခြေအနေတွေက ယူကရိန်းနိုင်ငံမှာ လက်ခံနိုင်ဖွယ်မရှိပါဘူး။ နေတိုးအဖွဲ့အတွက်လည်း လက်ခံနိုင်စရာမရှိသေးပါဘူး။ ကံမကောင်းစွာနဲ့ပဲ ဒီကိစ္စဟာ ကျွန်တော်တို့ပြန်လည်ပြင်ဆင်ရမယ့်ကိစ္စဖြစ်ပါ တယ်။” လို့ ကာကွယ်ရေးဝန်ကြီး ဘီလ်ဘလဲက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ ကနေဒါနိုင်ငံအနေနဲ့ ကနေဒါဒေါ်လာ ၉၅ သန်း (ဒေါ်လာ ၇၀.၃ သန်း) တန်ကြေးရှိတဲ့ SkyRanger R70 ဘက်စုံသုံးဒရုန်း အစင်း ၈၀၀ ကို ယူကရိန်းနိုင်ငံအတွက် ပေးပို့သွားမှာဖြစ်ကြောင်း ဘီလ် ဘလဲက တနင်္လာနေ့က ပြောပါတယ်။

 

Ref: Canada Could Join Czech Initiative to Procure 800,000 Shells for Ukraine

 

#PeopleMedia


Share this post