ယူကရိန်းအပစ်ရပ် ဆွေးနွေးပွဲမှာ ဥရောပနိုင်ငံတွေကို ဖိတ်ကြားဖို့ ဘာအကြောင်းမှ မရှိကြောင်း ရုရှားပြော

PUBLISHED - February 18, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၈
ဥရောပနိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားစေချင်တဲ့နိုင်ငံတွေဖြစ်တာကြောင့် ယူကရိန်းစစ်ပွဲအပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲတွေမှာ ဥရောပနိုင်ငံတွေ ပါဝင်ဖို့ ဘာအကြောင်းမှ မရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေလာ ဗရော့က ဖေဖော်ဝါရီ ၁၇ ရက်နေ့ (တနင်္လာနေ့) က ပြောကြားလိုက်ပါတယ်။
အမေရိကန်အရာရှိတွေနဲ့တွေ့ဆုံဖို့ ဆော်ဒီအာရေးဘီးယားနိုင်ငံကို မသွားရောက်ခင်နဲ့ အမေရိကန်အစိုးရရဲ့ ရုရှားနိုင်ငံ အပေါ် သံတမန်ဆက်ဆံရေးကို အထိတ်တလန့်ဖြစ်နေတဲ့ကြားက ယူကရိန်းအရေး အရေးပေါ်ဆွေးနွေးပွဲတစ်ရပ်ကျင်းပ ဖို့ ပဲရစ်မြို့မှာ ဥရောပခေါင်းဆောင်တွေ တွေ့ဆုံနေချိန်မှာ လာဗရော့က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“စစ်ပွဲဆက်လက်ဖြစ်ပွားစေချင်တဲ့ ရည်ရွယ်ချက်ရှိတဲ့သူတွေက စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှာ ထိုင်ခွင့်ရခဲ့မယ်ဆိုရင် သူ တို့တွေ အဲဒီစေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှာ ဘာတွေလုပ်ကြမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါဆို ဘာကိစ္စနဲ့ သူတို့ကို ဖိတ်ကြားရမှာလဲ။” လို့ လာဗရော့က မော်စကိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရုရှားက ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ပြီး အရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးဝါဒီတွေကို ထောက်ပံ့ခဲ့တဲ့ ၂၀၁၄ ခုနှစ် စစ်ပွဲကို ဖြေရှင်းဖို့ ဥရောပအဖွဲ့ဟာ အခွင့်အလမ်းရခဲ့ပေမဲ့ ဆောင်ရွက်ခြင်းမရှိခဲ့ကြောင်း ဝါရင့် နိုင်ငံခြားရေး ဝန်ကြီးလာဗရော့က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေ အလုပ်ဖြစ်ဖို့ဆိုရင် ရုရှားရော ယူကရိန်းပါ နှစ်ဖက်စလုံးက အလျှော့ပေးစေချင် ကြောင်း အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
ဒါပေမဲ့ ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းက ၎င်းတို့သိမ်းပိုက်ထားတဲ့ နယ်မြေတွေနဲ့ပတ်သက် ပြီး စေ့စပ်ညှိနှိုင်းသွားမှာ မဟုတ်သလို စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲမှာလည်း အဲဒီအကြောင်းကို ထည့်သွင်းစဉ်းစားသွား မှာတောင် မဟုတ်ကြောင်း လာဗရော့က ပြောပါတယ်။
နယ်မြေအားလုံးကို ထိန်းချုပ်ထားနိုင်တာ မဟုတ်ပေမဲ့ ယူကရိန်းနိုင်ငံက လူးဂန့်စ်ခ်၊ ဒွန်းညက်၊ ခါဆွန်နဲ့ ဇာကပိုရီဇဲယား နယ်မြေတွေကို သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ရုရှားအစိုးရက ၂၀၂၂ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။
Ref: Russia Says No Point in Inviting Europeans to Ukraine Talks
#PeopleMedia