ယူကရိ်န်းတပ်တွေ နယ်စပ်ဖြတ်ကျော်ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရုရှားအရပ်သားတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရ
PUBLISHED - August 8, 2024
နိုင်ငံတကာ၊ သြဂုတ် ၈
ရုရှားနိုင်ငံ အနောက်ပိုင်း ကာ့စ်ခ်ဒေသကို ယူကရိန်းတပ်တွေက ထိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရုရှားအစိုးရဟာ ထောင်ပေါင်းများစွာသော အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီး တိုက်ပွဲဝင်နေရ ကြောင်း ရုရှားအရာရှိတွေက ပြောပါတယ်။
ယူကရိန်းတပ်တွေက အင်္ဂါနေ့ (သြဂုတ်လ ၆ ရက်နေ့) က ကျူးကျော်ဝင်ရောက်ခဲ့တာဖြစ်ပြီး ယူကရိန်းတပ်တွေ ကို တိုက်ခိုက်မောင်းထုတ်ဖို့အတွက် လေကြောင်းပစ်ကူနဲ့ အမြောက်တပ်တွေကို တပ်ဖြန့်ချထားလိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ ယူကရိန်းတပ်တွေဟာ အရပ်ဘက်အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ကြောင်း စွပ်စွဲပြောဆိုလိုက်ပြီး အဲဒီတိုက်ခိုက်မှုတွေအတွက် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို လုံခြုံ ရေးအဖွဲ့အစည်းအသီးသီးက အကြီးအကဲတွေနဲ့ တိုင်ပင်ဆွေးနွေးနေကြောင်း ပြောပါတယ်။
“ယူကရိန်းအစိုးရဟာ နောက်ထပ်ရန်စကျူးကျော်မှုတစ်ခုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းတွေဟာ ရော့ကက်တွေအပါအဝင် လက်နက်မျိုးစုံနဲ့ အရပ်ဘက်အဆောက်အဦတွေ၊ လူနေအိမ်တွေနဲ့ လူနာတင်ကား တွေကို စည်းမဲကမ်းမဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။” လို့ ပူတင်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ကျူးကျော်မှုစတင်ကတည်းက အရပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိကာ အဲဒီအထဲက ၁၃ ဦးကို ဆေးရုံတင်ပို့ထားကြောင်း ရုရှားအရာရှိတွေက ပြောပါတယ်။
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပေမဲ့လည်း နောက်ထပ် ရန်သူ့လှုပ်ရှားမှုတွေကို တားဆီးကာကွယ်နိုင်ခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒေသခံအရပ်သားထောင်ပေါင်းများစွာကို ဘေးကင်းလုံခြုံရာ ရွှေ့ပြောင်းပေးခဲ့ပြီး လူထုအစည်းအဝေး အားလုံး ကို ဖျက်သိမ်းခဲ့ကြောင်း ကာ့စ်ခ်ဒေသအုပ်ချုပ်ရေးမှူး အလက်ဇီဆမီမော့ဗ်က ပြောပါတယ်။
လပေါင်းများစွာအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုအတွက် ယူကရိန်းအစိုးရဘက်က တစ်စုံတရာ ပြောကြား ခြင်းမရှိပါဘူး။
ဒါပေမဲ့ အင်္ဂါနေ့က ကာ့စ်ခ်ဒေသ ကောင်းကင်မှာ ဒရုန်းတစ်စင်းကို အသုံးပြုပြီး ရုရှားရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း ယူကရိန်းလုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။
Ref: Thousands Flee as Russia Battles Major Border Attack from Ukraine
#PeopleMedia