ရခိုင်ပြည်နယ် စစ်ဘေးရှောင်စခန်းမှ လူဦးရေသုံးသောင်းကို COVID-19 ကာကွယ်ဆေးထိုးနှံပေး

PUBLISHED - September 2, 2021
နေပြည်တော်၊ စက်တင်ဘာ ၂ (People Media)
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းရှိ လူဦးရေသုံးသောင်းကို COVID-19 ကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ် ကြောင်း မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါစစ်ဘေးရှောင်စခန်းများအနက် စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်း ၁၁ ခုမှ စစ်ဘေးရှောင်များကို သြဂုတ် ၃၁ ရက် နံနက်မှစတင်ကာ စစ်တွေ အထက ၂ ကျောင်းတွင် စတင်ထိုးနှံပေးနေပြီဟုဆိုသည်။
စစ်တွေရှိ ကယုချောင်း၊ အမျိုးသားကျောင်း၊ ယောသီတာ၊ ဒက္ခေကျောင်း၊ မဏိ ရတနာ၊ သုခိတာရုံ၊ ဓမ္မရာမ ဘုရားသိမ်၊ ဝိဘဇ္ဇာဝါဒီ၊ နန်းရွှေဂူနှင့် ဆုးတောင်ပြည့်စစ်ဘေးရှောင်စခန်း ၁၁ ခုမှ အသက် ၄၅ နှစ်အရွယ်ရှိ သူများကို ကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းကြောင်း သိရသည်။
စစ်တွေမြို့ပေါ်၌ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် အခြားစစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးရှောင် များကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အလားတူ ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့်အမ်းစသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်း ၁၅ ခုတွင် အသက် ၆၅ နှစ်အထက်ရှိသူများကို ထိုးနှံပေးရန်စီစဉ်ထားသည်ဟုလည်း ဆို သည်။
#PeopleMedia #ရခိုင်စစ်ရှောင် #COVID
(unicode)
……………………………………………………………………