• Follow Us on
Latest News

Home ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကိုရပ်ဆိုင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကိုရပ်ဆိုင်း

Share this post

နေပြည်တော်၊ ဇွန် ၂၈

 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ အရပ်သားများကို ထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန် ကန့်သတ်ချက် များစွာ ရှိနေခြင်းကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF)မှ ထုတ်ပြန်ထားသည်။

 

MSF သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေ့လျားဆေးခန်း (၁၄) ခု ဖွင့်လှစ်ပြီး လူမှုအသိုက်အဝန်းအားလုံး အတွက် မရှိမဖြစ် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်ခဲ့ကြောင်း၊ ဖြစ်ပွားနေဆဲ တိုက်ပွဲ များနှင့် ပဋိပက္ခများကြောင့် ပြည်သူများ၏ အသက်အိုးအိမ်ပိုင်ဆိုင်မှုများ ဖျက်ဆီးခံရခြင်း၊ နေရပ်ရွှေ့ပြောင်း ရခြင်းနှင့် ဘေးကင်းရာသို့ ရွေ့ပြောင်းနိုင်မည့် အခွင့်အရေး မရှိသည့်ကြားတွင် လူသားချင်းစာနာမှုအထောက် အပံ့များ ရယူရာ၌ ကန့်သတ်ခံရခြင်းတို့ကိုလည်း ရွေးချယ်စရာမရှိပဲ ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရကြောင်း၊ ကျွန်ုပ်တို့ ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ခြင်းကြောင့် အဆိုပါလူထုအတွက် လိုအပ်ချက်များပြားနေချိန်၌ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခြင်း အခွင့်အလမ်းများ အလုံးစုံ ပြတ်တောက် သွားရကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF)မှ ထုတ်ပြန်ထားသည်။

 

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ MSF အဖွဲ့များသည် ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် မြောက်ပိုင်း နေရာ အများစုတွင် ပုံမှန် ကျန်းမာရေးဝန်ဆောင်မှုပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း၊ လူမှုအသိုက် အဝန်းအားလုံးအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု နှင့် ခွဲစိတ်ကုသမှုကဲ့သို့ ထပ်ဆင့်စောင့်ရှောက်မှုများ ကို မရရှိကြတော့ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသား များ သေဆုံးသည်အထိ ဖြစ်ပွားခဲ့ခြင်းကိုလည်း သိရှိခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

 

လတ်တလောအခြေအနေအရ ထိုဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် မဖြစ်နိုင်သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ လူထုနှင့် လူနာများအတွက် လိုအပ်သော လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်ရန် ကတိကဝတ်ကိုမူ ဆက်လက်ထားရှိဆဲ ဖြစ်ကြောင်း၊ အခြေအနေများ တိုး တက်မှုရှိလာသည်နှင့်တပြိုင်နက် လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကျွန်ုပ်တို့ ဆက်လက် ရှိနေဆဲဖြစ်ကြောင်း ဆရာဝန်များအဖွဲ့(MSF)မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post