ရင်းနှီးမြှုပ်နှံသူတွေယုံကြည်မှု ကျဆင်းလာတဲ့အတွက် အင်ဒိုနီးရှားရူပီးငွေ စံချိန်တင်လုနီးပါး ထိုးကျသွား

PUBLISHED - March 26, 2025
နိုင်ငံတကာ၊ မတ် ၂၆
အရှေ့တောင်အာရှမှာ စီးပွားရေးအကြီးမားဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုလျော့ ကျလာပြီးနောက် အင်ဒိုနီးရှားရူပီးငွေရဲ့ ငွေကြေးတန်ဖိုးဟာ အမေရိကန်ဒေါ်လာနဲ့နှိုင်းယှဉ်ရင် မတ်လ ၂၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) မှာ စံချိန်တင်လုနီးပါး ထိုးကျသွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က အင်ဒိုရူပီးငွေတန်ဖိုးဟာ အမေရိကန်တစ်ဒေါ်လာကို ၁၆,၅၈၀ အထိ ကျဆင်းသွားတဲ့အတွက် အင်ဒိုနီးရှား အာဏာရှင် ဗိုလ်ချုပ်ကြီးဆူဟာတို ပြုတ်ကျပြီးနောက် အာရှငွေကြေးအကျပ်အတည်းဖြစ်နေတဲ့ကာလအတွင်း ၁၉၉၈ ခု နှစ်က ထိုးကျခဲ့တဲ့ ငွေဈေး ၁၆,၈၀၀ နီးပါးအထိ ရောက်လုနီးနီး ကျဆင်းခဲ့တာဖြစ်ပါတယ်။
ဗဟိုဘဏ်ကဝင်ရောက်ကာကွယ်ခြင်းမပြုခင် အင်္ဂါနေ့က ရူပီးငွေဈေးဟာ ၁၆၆၄၀ အထိ ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ အင်ဒိုရူပီးငွေဟာ အခုနှစ်အတွင်း ၃% ဆုံးရှုံးခဲ့ပြီး အာရှငွေကြေးတွေထဲမှာ အဆိုးရွားဆုံး အခြေအနေကို ဆိုက်ရောက်ခဲ့ တဲ့အတွက် ဗဟိုဘဏ်က ငွေတန်ဖိုးကျဆင်းမှု သက်သာအောင် ဈေးကွက်ထဲမှာ ဝင်ရောက်ထိန်းသိမ်းပေးခဲ့ရပါတယ်။
ဗဟိုဘဏ်အနေနဲ့ ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက်ဆောင်ရွက်မလား၊ မဆောင်ရွက်ဘူးလား မပြောပေမဲ့ အင်ဒိုနီးရှားဗဟိုဘဏ် ဟာ အင်ဒိုငွေတန်ဖိုး ထိန်းသိမ်းနိုင်ဖို့အတွက် အသင့်အနေအထားမှာရှိနေကြောင်း ဗဟိုဘဏ်အရာရှိတစ်ဦးက မတ်လ ၂၆ ရက်နေ့က ပြောပါတယ်။
သမ္မတပရာဘိုဝိုရဲ့ လူမှုဖူလုံရေးဘတ်ဂျက်အစီအစဉ်တွေ၊ ဘတ်ဂျက်ဖြတ်တောက်မှုတွေနဲ့ အခွန်တိုးမြှင့်မှု ပယ်ဖျက်မှု တွေအပေါ် စိုးရိမ်မှုတွေ မြင့်မားနေစဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုတွေဟာ တဖြည်း ဖြည်း ကျဆင်းလာပါတယ်။
အင်ဒိုရူပီးငွေ ၇၁ ထရီလီယန် (ဒေါ်လာ ၄.၂၉ ဘီလျံ) အကုန်အကျခံပြီး နိုင်ငံ့လူဦးရေ လေးပုံတစ်ပုံကျော်ကို နေ့လယ် စာကျွေးမယ့် ပရာဘိုဝိုရဲ့အစီအစဉ်ကို ရင်းနှီးမြှုပ်နှံသူတွေက အသေးစိတ်တွက်ချက်စစ်ဆေးလာကြပါတယ်။
အဲဒီအစီအစဉ် ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ဈေးကွက်တွေက စိုးရိမ်ပူပန်လာခဲ့သလို အဲဒီအစီအစဉ်အတွက်နောက်ထပ် တင်လာနိုင်တဲ့ ကြွေးမြီတွေကလည်း ဘဏ္ဍာရေးဆိုင်ရာစွမ်းရည်တွေအတွက် မကြာသေးခင်နှစ်တွေက အသည်းအသန် ကြိုးစားရုန်းကန်လာရတဲ့ နိုင်ငံရဲ့ဂုဏ်သတင်းကို ထိခိုက်မှာကို စိုး ရိမ်ပူပန်နေကြပါတယ်။
သမ္မတပရာဘိုဝိုက ဘယ်သူမဆို အချိန်မရွေး စစ်ဆေးနိုင်တယ်လို့ ပြောကြားပေမဲ့လည်း Danantara Indonesia ခေါ် အစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအသစ်ကို ထူထောင်လိုက်တာကိုလည်း နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်လာမှာတွေ ကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေကြပါတယ်။
Ref: Indonesian rupiah nears record low as fiscal worries rattle investors
#PeopleMedia