• Follow Us on

Home ရထားလမ်းပိုင်းအချို့တွင် ရေကြီးရေကျော်နေသဖြင့် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရ

ရထားလမ်းပိုင်းအချို့တွင် ရေကြီးရေကျော်နေသဖြင့် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရ

Share this post

နေပြည်တော်၊ ဇူလိုင် ၃၀

 

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်း၊ ပဲခူး – မော်လမြိုင် ရထားလမ်းပိုင်းနှင့် ပုသိမ် – ဟင်္သာတ – ကြံခင်း ရထားလမ်းပိုင်းများတွင် ရေကြီးရေကျော်နေသဖြင့် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းခဲ့ရကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

လက်ရှိမိုးရာသီကာအတွင်း ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့အတွင်း၌ မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရေကြီးရေလျှံမှုများကြောင့် မြန်မာ့မီးရထား၏ ရန်ကုန်-မန္တလေးလမ်းပိုင်းရှိ ပဲခူးဘူတာနှင့် ဘုရားကြီးဘူတာအကြားနှင့် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ ပဲခူးဘူတာ-ကလိဘူတာအကြားတို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်-ဟင်္သာတ-ကြံခင်း ရထားလမ်းပိုင်းအတွင်း ကျောင်းကုန်းမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း နေရာအချို့တွင်လည်းကောင်း ရထားသံလမ်းအပေါ်သို့ ရေကျော်တက်နေခြင်း၊ ရထားတံတားအချို့၏ ရေလည်တိုင်နှင့် ကမ်းကပ်ခုံများ ရေတိုက်စားခံရခြင်းတို့ ကြုံတွေ့ရလျက်ရှိ‌ကြောင်း သိရသည်။

 

သဘာဝဘေးအန္တရာယ်ကြောင့် ရထားလမ်းနှင့် တံတားများပေါ်ရှိ သံလမ်းမျက်နှာပြင်အထက် ၉ လက်မကျော် ရေကျော်နေသဖြင့် မြန်မာ့မီးရထားအနေဖြင့် ဇူလိုင်လ ၂၈ ရက်နေ့က ရန်ကုန်-မန္တလေးလမ်းပိုင်း၌ အဆန် အထူးရထား ခရီးသည် ၁၀၆ ဦးကို ပဲခူးမှ ပဲနွယ်ကုန်းဘူတာအထိ RBE ရထားတွဲဆိုင်းဖြင့် ပြောင်းရွှေ့ပေးပြီး အမှတ် ၁၂ အစုန်ရထားတွဲဆိုင်းဖြင့် မန္တလေးသို့ ပို့ဆောင်ပေးခြင်း၊ အမှတ် ၁၂ အစုန်ရထားစီးခရီးသည် ၁၁၆ ဦးကို အဆိုပါ RBE တွဲဆိုင်းဖြင့် ပဲနွယ်ကုန်းဘူတာမှ ပို့ဆောင်ပြီး ဘုရားကြီးဘူတာမှတစ်ဆင့် မော်တော်ယာဉ် ကြီး ၂ စီးဖြင့် ရန်ကုန်ဘူတာသို့ ဆက်လက်ပို့ဆောင်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

 

အလားတူပင် မော်လမြိုင်မှ ထွက်ခွါလာသည့် အမှတ် ၈၂ အစုန် အမြန်ရထားဖြင့် လိုက်ပါလာသော ခရီးသည် ၄၆၃ ဦးအား ပဲခူးဘူတာမှ RBE ရထားတွဲဆိုင်းဖြင့် ကလိဘူတာသို့ သွားရောက်ခေါ်ယူပြီးနောက် ပဲခူးဘူတာမှ တစ်ဆင့် အထူးရထားတွဲဆိုင်းဖြင့် ညပိုင်းတွင် ရန်ကုန်ဘူတာအထိ ဆက်လက်ပို့ဆောင်သယ်ယူပေးခဲ့‌ကြောင်း သိရသည်။

 

မြန်မာ့မီးရထားအနေဖြင့် ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် ရေတိုင်းထွာချက်များအရ ပဲခူးဘူတာယာဒ်ဝင်း အတွင်း၌ ရထားစင်္ကြံသံလမ်း၏ မျက်နှာပြင်အထက် ၁၀ လက်မခန့်အထိ ရေကျော်နေခြင်း၊ ရန်ကုန်-မန္တလေး ရထားနှင့် ရန်ကုန်-မော်လမြိုင်ရထားတို့ ဖြတ်သန်းသည့် ပဲခူးနှင့် ဘုရားကြီး၊ ပဲခူးနှင့်ကလိဘူတာတို့အကြား ရထားလမ်းပိုင်းရှိ တံတားအမှတ် ၆၀ ပေါ်တွင် သံလမ်းမျက်နှာပြင်အထက် ၁၅ လက်မခန့် ရေကျော်နေခြင်းတို့ ကြောင့် ရထားများ ဖြတ်သန်း နိုင်သည့်အခြေအနေ မရှိပါသဖြင့် လမ်းပိုင်းပိတ်ကာ ရန်ကုန်-မန္တလေးရထား ခရီးစဉ်များ၊ ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားကြောင်း သိရသည်။

 

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပုသိမ်-ဟင်္သာတ-ကြံခင်းရထားလမ်းပိုင်းတစ်လျှောက် နေရာ ၁၃ နေရာတွင် ရထားလမ်းတာပေါင်နှင့် တံတားများပေါ်၌ ရေ ၉ လက်မ ကျော်ခန့် ဖြတ်ကျော်စီးဆင်းနေသော ကြောင့် မြန်မာ့မီးရထားအနေဖြင့် ဇူလိုင်လ ၂၇ ရက်နေ့မှစတင်၍ လူစီးရထားခရီးစဉ်များကို ယာယီဖျက် သိမ်းထားရ‌ကြောင်း သိရသည်။

 

ယာယီပိတ်ထားရသည့် ရေကျော်စီးဆင်းနေသောနေရာများတွင် ရေကင်းစောင့်ဝန်ထမ်းများ တာဝန်ချထား၍ စောင့်ကြည့်ခြင်း၊ ရေများပြန်လည်ကျဆင်းသွားပါက လိုအပ်သည့် မွမ်းမံပြင်ဆင်မှုများ ချက်ချင်းဆောင်ရွက်နိုင် ရေးအတွက် လိုအပ်သည့် ကျောက်ကြီးများ၊ လမ်းခင်းကျောက်များ၊ ဇလီဖားများအား အဆင်သင့်စုပုံခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရထားလမ်းပိုင်းနှင့် တံတားများ စစ်ဆေးပြုပြင်ပြီးပါက ရထားများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခြင်းကို စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post