ရန်ကုန်သို့ သွားရောက်မည့် ဘင်္ဂလီ အမျိုးသား (၆) ဦး မင်းတုန်းမြို့နယ်၌ ဖမ်းမိ

PUBLISHED - November 26, 2021
မကွေး၊ နိုဝင်ဘာ ၂၆ (People Media)
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ စပါးတန်ကျေးရွာအနီး၌ ရန်ကုန်သို့ သွားမည့် ဘင်္ဂလီအမျိုးသား (၆) ဦး ဖမ်းဆီးခံရတယ်လို့ ဒေသခံအချို့က People Media ကို ပြောပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က မုံရွာ-ပုသိမ်လမ်းမ မိုင်တိုင် ၁၆၄/၆ မိုင်တိုင်အနီး၌ ရန်ကုန်ကိုသွားမည့် ကားကိုစောင့်နေစဉ် ဘင်္ဂလီ (၆) ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပါတယ်။
“သူတို့က ရခိုင်ပြည်နယ်ကနေ တောလမ်းအတိုင်းလာတာ။ တောလမ်းအတိုင်းလာပြီး မင်းတုန်းမှာ သူတို့ကို ခေါ်မည့်ကားကို စောင့်ရင်း ဒေသခံအုပ်ချုပ်ရေးအဖွဲ့က တွေ့တော့ လုံခြုံရေးအဖွဲ့ကို အကြောင်းကြားပေး တာ” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်၌ အဆိုပါ ဘင်္ဂလီ (၆) ဦးကို မင်းတုန်းမြို့နယ် မြို့မရဲစခန်း၌ ထားရှိထားပြီး ၎င်းတို့ကို လ-ဝ-က အက်ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
ဖမ်းဆီးခံရသည့် ဘင်္ဂလီများသည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၌ နေထိုင်သူများဖြစ်ပြီး ၎င်းတို့သည် အသက် ၁၈ နှစ်အောက် ဘင်္ဂလီများ ဖြစ်တယ်လို့ သိရပါတယ်။
#PeopleMedia #ဘင်္ဂလီ #မင်းတုန်းမြို့
(unicode)
……………………………………………………