ရန်ကုန်မြို့မှ ချင်းပြည်နယ်သို့ သေဆုံးရုပ်အလောင်း ပို့ဆောင်သည့် လူမှုကူညီရေးမော်တော်ယာဉ်သည် တန့်ဆည်မြို့၌ မိုင်းဆွဲတိုက်ခိုက်ခံရ

PUBLISHED - October 25, 2021
နေပြည်တော်၊ အောက်တိုဘာ ၂၅ (People Media)
ရန်ကုန်မြို့မှ ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ သေဆုံးရုပ်အလောင်းပို့ဆောင်ပေးသည့် လူမှုကူညီရေးယာဉ် တစ်စီးသည် တန့်ဆည်မြို့၌ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ မိုင်းဖောက်ခွဲတိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက People Media ကို ပြောပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ ချင်းပြည်နယ်၊ ဖလမ်းသို့ သေဆုံးရုပ် အလောင်းကို လူမှုထောက်ကူပြုပရဟိတအသင်းမှ ယာဉ် ၂ စီးဖြင့် လိုက်ပါပို့ဆောင်ခဲ့ပါတယ်။
ထိုသို့ပို့ဆောင်စဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့အကျော် တံတားအဆင်း၌ လူမှုကူညီရေးယာဉ် တစ်စီးသည် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်အပေါ် People Media က လူမှုထောက်ကူပြုပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကို ဆက် သွယ်မေးမြန်းရာ “ကျွန်တော်တို့က ဗဟိုရ်စည်ဆေးရုံက ကွယ်လွန်တဲ့လူကိုသယ်လာတာ။ ချင်းပြည်နယ် ဖလမ်းမြို့ကိုပို့ရမှာ။ ခုဖြစ်တာက မိသားစုလိုက်ပါလာတဲ့ ယာဉ်ဖြစ်သွားတာ” လို့ ၎င်းကပြောပါတယ်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်တစ်စီးသည် ပျက်စီးဆုံးရှုံးခဲ့ပြီး ၎င်းယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းနှစ်ဦးမှာ ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူနှစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရပါတယ်။
Photo – Credit
#PeopleMedia #တန့်ဆည်မြို့ #မိုင်းဆွဲခံရ
(unicode)
………………………………………………………………
Photo – Credit