• Follow Us on
Latest News

Home ရန်ကုန်တိုင်းဒေသကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာသစ်တွေ့ရှိမှုကျဆင်းလာ

ရန်ကုန်တိုင်းဒေသကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာသစ်တွေ့ရှိမှုကျဆင်းလာ

Share this post

နေပြည်တော်၊ ဇူလိုင် ၈

 

ရန်ကုန်တိုင်းဒေသကြီးတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် လူနာသစ်တွေ့ရှိမှု ကျဆင်းလာကြောင်း ကျန်းမာရေး ဝန်ကြီးမှ သိရသည်။

 

ဇူလိုင် ၇ ရက်နေ့၊ နံနက် ၈ နာရီမှ ည ၈ နာရီအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက် ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူလူနာသစ် (၄၄)ဦးရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ ပြင်းထန်ဝမ်း ပျက် ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ပြီး ကျန် (၄၂)ဦးမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ကြောင်း သိရသည်။

 

လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်းနှင့် ဇူလိုင် ၆ ရက်နေ့တွင် ဝမ်းပျက်ဝမ်း လျှောရောဂါလူနာသစ် (၆၃) ဦးရှိခဲ့သဖြင့် ဇူလိုင် ၇ရက်နေ့တွင် လူနာသစ်တွေ့ရှိမှုဦးရေ ကျဆင်းလာကြောင်း ရောဂါစောင့်ကြပ်ကြည့်ရှုမှု သတင်းအချက်အလက်များအရ တွေ့ရှိရကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါပုံမြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်၍ လူနာ သစ်ရှာဖွေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဇူလိုင်လဆန်းပိုင်း အထူး သဖြင့် ဇူလိုင်လ (၄)ရက်နေ့မှ (၆)ရက်နေ့အတွင်း ဆေးရုံတက်လူနာများ မြင့်တက်ခဲ့သော်လည်း အများစုမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများသာ ဖြစ်ကြောင်း တွေ့ရှိရကြောင်း သိရသည်။

 

ယခုအခါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည့်အတွက် အချိန်တိုအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုအား အကောင်းဆုံးထိန်း ချုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

 

#PeopleMedia


Share this post