ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများ၏ အငွေ့အသက်များကင်းစင်အောင်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား
PUBLISHED - June 11, 2024
နေပြည်တော်၊ ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများ၏ အငွေ့အသက်များကင်းစင်အောင် ဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြား လိုက်သည်။
ယမန်နေ့ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကုန်းမြင့်သာရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့သောဒေသများ၌ အကြမ်း ဖက်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ မည်သည့်နေရာ၌မဆို လွတ်လပ်စွာဖြင့်သွား လာ၍ရသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ အလစ်အငိုက်ကိုရယူ၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ရန် ကြံစည်ဆောင်ရွက်လျက်ရှိသဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အမြဲမပြတ်စောင့်ကြည့်နေရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများ၏ အငွေ့အသက်များကင်းစင်အောင် မိမိတို့အနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံဖြိုးတိုးတက်ရေးကို တိုင်းစစ်ဌာနချုပ်နှင့် တိုင်းဒသကြီး အစိုးရအဖွဲ့တို့က ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေချိန်တွင် လုံခြုံမှုနှင့်တည်ငြိမ်မှုရှိရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက်ပညာရေးနှင့် စီးပွားရေးဆိုင်ရာ အားနည်းချက်များရှိခဲ့ကြောင်း၊ အဆိုပါ အားနည်းချက်များကြောင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်ခဲ့ရကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ထက်ဝက်ခန့်သည် လုံခြုံရေးနှင့်ပတ်သက်၍ အားနည်းချက်များ ရှိနေဆဲဖြစ်ကြောင်း၊ ရာဇဝတ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အသိပညာဗဟုသုတအားနည်းသူများအနေဖြင့် ကောင်းမှုနှင့် မကောင်းမှုကို ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းအားနည်းပြီး မကောင်းမှုဒုစရိုက်များကို ကျူးလွန်နိုင်ချေမြင့်မားသဖြင့် အသိပညာနှင့် ဆင်ခြင်တုံတရားများရရှိရေးအတွက် တိုက်တွန်းနှိုးဆော်ချက်များ ဆောင်ရွက်ခြင်း၊ လှုံ့ဆော် ပညာပေးမှုဆောင်ရွက်ခြင်း၊ သတင်းများထုတ်ပြန်ပေးခြင်းအပါအဝင် အခြားနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်း ခရိုင်အလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် တာဝန်ရှိသူများက ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
#PeopleMedia