ရန်ကုန်တိုင်းရှိ အကျဉ်းစခန်း ၇ ခုမှ အကျဉ်းသား ၁၆၀၀ ကျော် ပြန်လွတ်
PUBLISHED - August 2, 2023
နေပြည်တော်၊ ဩဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီးအကျဉ်းစခန်း ၇ ခုမှ အကျဉ်းသား ၁၆၇၈ ဦး သြဂုတ်လ ၁ ရက်နေ့က ပြန်လည်လွတ် မြောက်ခဲ့ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်သူများမှာ တပ်မတော်အက်ဖြင့် ထောင်ကျသူ ၂၂ ဦး၊ ရဲစည်းကမ်းဖြင့် ၉ ဦး၊ လဝက ၁၃ (၁) ဖြင့် ထောင်ကျနေသူ ၁၄ ဦး၊ ပုဒ်မ ၅၀၅ ဖြင့် ထောင်ကျသူ ၂၁ ဦး၊ ပြစ်ဒဏ်ကျခံနေပြီး ထောင်သက် ၆ လ အောက်သာကျန်သူ ၁၃၀၁ ဦးနှင့် ထောင်ဒဏ်သုံးနှစ် အောက်ပြစ်မှုများတွင် ထောင်ဒဏ် တစ်ဝက်ကျခံပြီးသူ ၃၁၁ ဦး၊ စုစုပေါင်း ၁၆၇၈ ဦးဖြစ်ကြောင်း သိရသည်။
ပြစ်ဒဏ်လွတ်မြောက်သူများတွင် အကျဉ်းသား ၁၄၉၇ ဦးနှင့် အကျဉ်းသူ ၁၈၁ ဦးပါဝင်ကြောင်းနှင့် အင်းစိန် ထောင်မှ လွတ်မည့်စာရင်းတွင် ဒေါက်တာကျော်လင်း (ကလေးအထူးကုဆရာဝန်)၊ ပိုင်သက်ကျော် (အဆို တော်)နှင့် ဦးစောညိုဝင်း (ပဲခူးတိုင်းဝန်ကြီးဟောင်း) တို့ပါ ဝင်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံ ရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျ ခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ နိုင်ငံသား ၇၇၄၉ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၂ ဦး နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့ ဝင်များနှင့် ဆက်စပ်သူ ၇၂ ဦးအား တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်းနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၁၂၅ ဦးတို့ကို ယမန်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ကြောင်း သိရသည်။
#PeopleMedia