• Follow Us on

Home ရန်ကုန်နှင့် ရှမ်းပြည်နယ်တို့တွင် ကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်နှင့် ရှမ်းပြည်နယ်တို့တွင် ကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၀

 

ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ပူးပေါင်းအဖွဲ့သည် သတင်းအရ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်းတွင် ထွန်းမြတ်သူ(ခ)မောင်စံအား စိတ်ပြောင်းဆေး ဝါး(Happy Water) ၁၇ ဒသမ ၂၈ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ မွန်းလွဲ ၂ နာရီအချိန် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းတွင် ရဲရင့်အောင်အား စိတ်ပြောင်းဆေးဝါး(Happy Water) ၁၄ ဒသမ ၉၄ ကီလိုနှင့်လည်းကောင်း၊ စောဂျွန်ပေါလ်(ခ) ဂျွန်ပေါ အား ရန်ကင်းမြို့နယ်၊ (၆)ရပ်ကွက်ရှိ ၎င်း၏ နေအိမ်တွင် စိတ်ပြောင်းဆေးဝါး(Happy Water) ၆ ဒသမ ၆ ကီလို၊ ကဖင်းဆေးပြား ၂၂၀၀ ပြားနှင့် ဆက်လက်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

 

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲအချိန် နေလဝင်း(ခ) Bank နှင့် ရဲရင့်ဌေးအောင်(ခ) အိုက်ပီးတို့ ၂ ဦးအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၅၀၀၀ ပြား၊ TOYOTA CROWN မော်တော်ယာဉ် ၁ စီးနှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့၍ စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၃၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် (Happy Water) ၃၈ ဒသမ ၈၂ ကီလို၊ အက်တက်စီဆေးပြား ၅၀၀၀ ပြားနှင့် ကဖင်းဆေးပြား ၂၂၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက် လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post