• Follow Us on
Latest News

Home ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲ

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲ

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အခြေခံလူတန်းစား ပြည်သူအများစု နေ့စဉ်နှင့်အမျှ အဓိက အားကိုးအားထားပြုနေရသည့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည်ဟု သုံးသပ်ဖော်ထုတ်နိုင်ကြောင်း၊ စရိတ်စက သက်သာစွာနှင့် ခရီးသည်အများအပြားကို လိုရာခရီးကို ပို့ဆောင်ပေးနိုင်ကြောင်း၊ ကုန်စည်အမြောက်အများ ကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးသို့ ကုန်ကျစရိတ်ကျဉ်းကျဉ်းနှင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ကြောင်း၊ ယင်းတို့သည် ရထားပို့ဆောင်ရေးလုပ်ငန်း၏ ထင်ရှားသည့် အဓိကအားသာချက်များ ပင်ဖြစ်ကြောင်း ပြောသည်။

 

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးကာလကို ၂၀၁၇ ခုနှစ်တွင် စတင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆောင်ရွက်ပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူရောက် ရှိလာသည့်ခေတ်မီ DEMU လေအေးစက်ပါ ရထားတွဲဆိုင်းအသစ်များအသုံးပြုပြီး မြို့ပတ်ရထားစီးခရီးသွား ပြည်သူများကို ပိုမိုအဆင်ပြေကောင်းမွန်သည့် ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ အလိုအလျောက်မီးရောင်ပြောင်းအချက်ပြနှင့် ဆက်သွယ်ရေးစနစ်များတပ်ဆင်ပြီး ခေတ်မီ ရထားပြေးဆွဲမှုစနစ် ဖြစ်သည့်အတွက် ယခင်က ပြေးဆွဲမှုတစ်နာရီကီလိုမီတာ ၄၀ နှုန်းမှ ကီလိုမီတာ ၆၀ နှုန်းအထိ တိုးမြှင့်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ နေ့စဉ် RBE ရထားအစင်း(၂၀)နှင့် DEMU(၁၅)စင်း အသုံးပြုပြီး အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post