ရန်ကုန်-ပဲခူးလမ်းပိုင်း၌ ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲ
PUBLISHED - October 2, 2024
နေပြည်တော်၊ အောက်တိုဘာ ၂
စပိန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် အမှတ် (၁၅)အဆန်နှင့် ပဲခူး-ရန်ကုန်ခရီးစဉ် အမှတ်(၁၆) အစုန်လူစီး ရထားများ စတင်ပြေးဆွဲခြင်းအခမ်းအနားကို ယမန်နေ့တွင် ရန်ကုန်ဘူတာကြီး၌ ကျင်းပခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ယခင်က ရန်ကုန်-ပဲခူး ခရီးစဉ်အဖြစ် ပြေးဆွဲပေးလျက်ရှိသော အမှတ်(၁၃)အဆန်/ အမှတ်(၁၄) အစုန် RBE ရထားခရီးစဉ်ကို ယာယီရပ်ဆိုင်း၍ ၎င်း RBE ရထားခရီးစဉ် အချိန်စာရင်းအတိုင်း ခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်များ အသုံးပြု၍ အမှတ် (၁၅) အဆန်/ အမှတ်(၁၆)အစုန် DEMU ရထား အဖြစ် ပြောင်းလဲပြေးဆွဲသွားရန် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ အမှတ်(၁၆)အစုန် ပဲခူး-ရန်ကုန် DEMU ရထားသည် ပဲခူးဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နံနက် ၈ နာရီ မိနစ် ၂၀ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၁၅)အဆန်ရန်ကုန်-ပဲခူး DEMU ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်လည်ထွက်ခွာ၍ ပဲခူးဘူတာသို့ ညနေ ၇ နာရီ ၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့် ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝ၊ ဘုရားသုံးဆူ စုစုပေါင်း ၁၂ ဘူတာတို့တွင် ရပ်တန့် ပေးသွားမည် ဖြစ်ကြောင်း၊ ယင်း DEMU ရထားတွဲဆိုင်းတွင် ခရီးသည် ရပ်စီး/ထိုင်စီး စုစုပေါင်း ၈၃၂ ဦး စီးနင်းလိုက်ပါနိုင်ပြီး ခရီးသွားလက်မှတ်ခအနေဖြင့် ခရီးစဉ်အစမှအဆုံးထိ တစ်ဦးလျှင် ငွေကျပ် ၂၅၀၀ နှင့် ခရီးတစ်ဝက်လိုက်ပါ စီးနင်းပါက ငွေကျပ် ၁၃၀၀ နှုန်းသတ်မှတ်ထားပြီး ၎င်းရထားခရီးစဉ်ကို အောက်တိုဘာ ၂ ရက်မှစ၍ ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
#PeopleMedia